"ကောက်ညှင်းကျည်တောက်"

°°°°°°°°°°°°°°°°°°°°°°°°°°°°
စာသင် ဦးလူကလေးသည် မူအားဖြင့် ကန့်ကွက်လို၏။ ဘုရားပွဲအတွက် ပွဲမိန့်ကို နည်းနည်းမျှ မထောက်ခံလို။
သို့သော် ဤကိစ္စမှာ ဦးလူကလေးအတွက် အတော် ခွကျသည်။ အတော် အစဉ်းစားရ ကျပ်သည်။
ဦးလူကလေးသည် အင်္ဂလိပ် အရှင်သခင် အစိုးရမင်းတို့၏ လက်အောက်၌ ပုလိပ်အမှုထမ်း အဖြစ်ဖြင့် အမှုထမ်း လာခဲ့သည်မှာ ရွာခံတဦး အနေဖြင့် အမှုထမ်းလာခြင်း ဖြစ်သည်။ ဤရွာတွင် သူသည် ရွာ့မိရွာ့ဖ ဖြစ်နေသည်။ တရွာလုံး သူနှင့် ဆွေရိပ်မျိုးရိပ် မကင်းသူချည်းသာ ဖြစ်၏။ ရွာလူကြီးမှာ စာသင် ကတော်ကြီး၏ ဘက်ကနေ ကြည့်လျှင် စာသင် ကတော်ကြီး၏ မောင်နှမဝမ်းကွဲ တော်စပ်သည်။ ဘုရားလူကြီးများမှာကား ငယ်စဉ်ကပင် ကံ့ကော်ကျောင်း ဆရာတော် ဘုရားကြီး၏ လက်အောက်၌ အတူတူ ဒိုးထိုးဖက် ဖြစ်သည်။ တဦးသော ဘုရားလူကြီးမှာ ယောက်ဖပင် တော်သည်။ အခြားတဦးမှာ အမေ့မောင် အရင်းခေါက်ခေါက်၏ သား ဖြစ်သည်။ ကျန်တဦးမှာ အဖေ့ဘက်က စပ်၍ တော်ရသော ဘဒွေး ဖြစ်သည်။
ဆွေရိပ်မျိုးရိပ် မကင်းသူတို့က စု၍လုပ်သော ထို ညောင်ပင်သာရွာ ဘုရားပွဲကို စာသင် ဦးလူကလေးကမှ မထောက်ခံလျှင် ဆွေမျိုးအများက ဝိုင်း၍ ကျိန်ဆဲသည်နှင့်ပင် အလုပ်ပြုတ်စရာ အကြောင်းရှိသည်။
သို့ရာတွင် ဦးလူကလေးသည် အလုပ်ပြုတ်မည်ကို ဤမျှလောက် မစိုးရိမ်။ ဘုရားပွဲ ကျင်းပသည့် အခါတိုင်းတွင် ညောင်ပင်သာရွာရှိ လောကမာရဇိန် ဘုရား ရင်ပြင်တော်ဝယ် ရပ်ရွာရှိ သပ္ပူရိသ အပေါင်းတို့က အရုဏ်ဆွမ်း ကပ်သည့်အခါ သူငယ်ချင်းဖြစ်သူ ဦးဖိုးပန်း၏ ကြေးနောင်ဝိုင်းမှ “ဖိုးခေါင်ကြွေးကျော်၊ ဟိုတောင်ညိုပေါ်က နေပြည်တော် မျှော်လိုက်စမ်းပ၊ လမ်းဘယ်မမြင်၊ အိုလေလေ့ မောင်မောင်ရေ၊ မျှော်ကိုးယောင်မိသေး” ဟူသော တေးသွားကို အရုဏ်တက်၌ မကြားလိုက်ရမည်ကို စိုးရိမ်သည်။
ထို့ထက်ကား ဆွမ်းတော်ကြီး ကပ်ပွဲကို တည ကြိုတင်ပြင်ဆင် ကြရာ၌ ဦးလူကလေး ကိုယ်တိုင် ဆဒ္ဒန်ဆင်မင်း ပရိတ်မွှန်းကို မရွတ်လိုက်ရမည်ကို ပို၍ စိုးရိမ်သည်။
ဦးလူကလေးသည် အသက်ကြီးပြီ။ “မသကာ ဆက်လက်ပြီး အမှုထမ်းနိုင်ရင် လေးငါးနှစ်ပေါ့။ ဒါပြီးရင် ပင်စင် ယူရတော့မယ်” ဟူ၍ ဦးလူကလေး ခဏခဏ ညည်းတွားဖူးသည်။ ပင်စင်ယူခါနီး၌ အာပတ်ဖြေဖို့ ကိစ္စလည်း ရှိနေသည်။ အာပတ် ဖြေရန်မှာလည်း လေးငါးနှစ် ဆက်တိုက် ဖြေရုံမျှနှင့် အနှစ် နှစ်ဆယ်၊ အစိတ် အတွင်းက ကျူးလွန်မိသော ဒုစရိုက်များ မပြေ့တပြေမျှသာ ရှိလိမ့်မည်။
ရွာသူရွာသားတို့မှာ အသိဉာဏ် ခေါင်းပါးသူများက ပို၍ များပြားသည်။ ညောင်ပင်သာမှာ မြို့နယ်ရုံးစိုက်ရာ ဌာနနှင့် ရေလမ်းအားဖြင့် မိုင်ပေါင်း ကိုးဆယ်မျှ ဝေးသည်။ သင်္ဘော
နှင့် ခရီးသွားလျှင် တနေကုန်မှသာ မြို့သို့ ရောက်နိုင်သည်။ သင်္ဘောကလည်း တနင်္ဂနွေ တပတ်မှ သုံးကြိမ်သာ ခုတ်သည်။ ကျေးရွာ၌ လူသတ်မှုများ ဖြစ်ခဲ့လျှင် သေသူ အလောင်းကို မြို့သို့ ပို့ရသည့်အခါ လှေသမ္ဗန်နှင့် သုံးလေညအိပ် သွားပါမှ မြို့ကို ရောက်နိုင်သည်။ ဤမျှ အစွန်အဖျား ကျသော ရွာတွင် အစိုးရ အထောက်အပံ့ခံ မြန်မာ စာသင်ကျောင်းပင် မရှိ။ ဤရွာရှိ မြေရှင်၊ လယ်သမား၊ သူကြီး၊ ဆယ်အိမ်ခေါင်း၊ မြေတိုင်းစာရေး၊ စာသင်အမှုထမ်း စသည်တို့ အားလုံးမှာ ကံ့ကော်ကျောင်း ဘုန်းတော်ကြီး၏ တပည့်များသာ ဖြစ်ကြသည်။ ထို့ကြောင့် မင်းစိုးရာဇာနှင့် ပတ်သက်သော လောကီရေးရာတို့တွင် ဘာဗဟုသုတမျှ မရှိကြ။ ရွာ၌ အမှုအခင်းရှိလျှင် ရွာသူကြီးနှင် စာသင်တို့ အသီးသီး ဆိုင်ရာ ဆိုင်ရာ ညွှန်ကြားချက်များ အတိုင်း လိုက်နာကြရသည်။
ထို့ကြောင့် ဤရွာတွင် အလုပ်လုပ်ရသည်မှာ ဦးလူကလေးအတွက် လာဘ်လာဘ ရွှင်လှသည်။ ခိုးမှုဟူ၍ မရှိ။ လုယက်မှုကို တနှစ် တခါလောက်တော့ ကြားဖူးသည်။ ဓားပြမှု၊ လူသတ်မှုတို့ကို နှစ်နှစ်ကြာမှ တခါဆိုသလို ဦးလူကလေးက စုံစမ်းစစ်ဆေး ရသည်။ ရပ်ရွာတွင် ဖြစ်သမျှ အမှုတို့မှာ ရိုက်မှု၊ ဓားထိုးမှု၊ လောင်းကစားမှုနှင့် အရက်ချက်မှုများသာ ဖြစ်သည်။
ယင်းသို့ အမှုများ ပေါ်ပေါက်လာလျှင် စာသင် ဦးလူကလေးက အိန္ဒိယရာဇသတ်ပုဒ်မ တပုဒ်မလျှင် အသပြာငွေ တကျပ်နှုန်းထားကာ လိုတိုးပိုလျှော့ လုပ်ပေးတတ်သည်။ တခါတရံ ဘာမဟုတ်သော အမှုကလေးပင်လျှင် အသရေဖျက်မှု ပုဒ်မ ၅၀၀ အထိ ကြီးကျယ် သွားတတ်သည်။ ထိုအခါ ဦးလူကလေးအား ငွေမျက်နှာဖြင့် ဖျောင်းဖျ ပြောဆိုနိုင်လျှင် ပုဒ်မ ၅၀၀ သည် တဖြည်းဖြည်း လျှောဆင်းသွားကာ ၂၉၄ ဆဲမှု၌ ထစ်၍ နေတတ်သည်။ တခါတရံ ဦးလူကလေး စိတ်ကွက်ခဲ့ပါလျှင် ၅၁၀ မူးပြီး ဆဲမှုအထိ တက်သွားပြီးမှ ငွေမျက်နှာကြောင့် အတက်ရပ်လေ တော့သည်။
သို့ပင် ဖြစ်ငြားသော်လည်း ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ မယ်တော်ပျံပွဲ စသည့် ပွဲများ ကျင်းပသည့်အခါ လာဘ်ရွှင်သည်နှင့် ထုချေလွှာ အတောင်းခံရသည်က မမျှ ဖြစ်တတ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုပွဲတော်များ ကျင်းပချိန်တွင် အဆိုပါ ရိုက်မှု၊ ဓားထိုးမှု၊ လောင်းကစားမှုနှင့် အရက်ချက်မှုတို့သည် ပို၍ များပြား လာတတ်သည်။ ရိုက်မှုတို့တွင် ဦးလူကလေးသည် ရိုးရိုး ထိခိုက်နာကျင်မှု ဖြစ်သော ၃၂၃ လောက်ကို အတွက်ရှိသည်ဟု မထင်ချေ။ ပုလိပ် အရေးမပိုင်သည့် အမှု၌ ဖြစ်ချင်ရာ ဖြစ်စေ၊ ဘာမျှ ကိစ္စမရှိ။ သူကြီးက သူ့ ဒဏ်စာရင်း စာအုပ်ထဲတွင် သူ ရေးချင်သော စီရင်ချက်
နှင့် ပြစ်ဒဏ်ကို ရေးသွင်းစေဦးတော့၊ ဦးလူကလေး၏ အပူ နှစ်ပြားသားမှ မပါပါ။ သို့သော် ဘုရားပွဲတော်မျိုး၌ ဖြစ်ပွားသော ရန်ပွဲတို့တွင်ကား မန်ကျည်းနှစ်တုတ်၊ ထန်းနှစ်တုတ်၊ ပိတောက်သားတုတ်နှင့် ဝါးရင်းတုတ်များ ဖြစ်လေရာ မတော်တဆ ဆိုလျှင် သေလောက်သော လက်နက်များ ဖြစ်သောကြောင့် ပုဒ်မတို့သည် ၃၂၄ မှသည် ၃၂၅ ကို ကျော်လွန်၍ ၃၂၆ သို့ ရောက်လာသော အခါ ဦးလူကလေးမှာ အလုပ်လည်း များသည်။ ထုချေလွှာလည်း အတောင်းခံရ တတ်သည်။
အထက်ပါ အကြောင်းချင်းရာတို့ကို သုံးသပ်ကြည့်ခြင်း အားဖြင့် ဘုရားပွဲသည် စာသင် ဦးလူကလေး အဖို့ အမှုပွေရာ ရောက်အောင် ဖန်တီးတတ်သော သဘောရှိခြင်းကြောင့် ဦးလူကလေးသည် မူအားဖြင့် ကန့်ကွက်သည်။ သို့သော် သူကြီးကတော်နှင့်တကွ ယောက်ဖဖြစ်သူ ဘုရားလူကြီးမင်း၏ ကျောင်းအစ်မကပါ ဝိုင်းဝန်းပြစ်တင် ပြောဆိုလေသောအခါ စာသင် ဦးလူကလေးသည် ထိုသုံးတောင်ဝတ်တို့၏ အငြိုအငြင်ကို ခံယူနိုင်သော သတ္တိ မရှိ ဖြစ်ချေရကား ဘုရားပွဲမိန့်ကို ပေးလိုက်ရလေသည်။
ညောင်ပင်သာရွာ လောကမာရဇိန် ဘုရားမှာ ကိုးတောင်ပြည့်ဘုရား ဖြစ်သည်။ ရွာ၏မြောက်ဘက် ဇရပ်ကြီး အလွန်တွင် မြေရှင် ဦးသာဦး၏ လယ်ထိပ်၌ တည်ထားသည်။ မူလက ထိုနေရာတွင် အုတ်ခုံဆွေးဆွေး တခုံ ရှိသည်။ တနေ့သောအခါ ဦးသာဦး၏ စာရင်းငှား တဦးက လယ်ထွန်ရင်း အုတ်ခုံနှင့် ဝင်၍ တိုးမိသည်။ အုတ်ခုံ ပဲ့ကျလာသောအခါ မြေအိုးတခုကို တွေ့ရသည်။ ထိုမြေအိုးမှာ ယခုခေတ်သုံး မြေအိုးမဟုတ်။ စလယ်ဝင် သာသာမျှ ရှိသော်လည်း ပုံပန်းသဏ္ဍာန်မှာ ဟင်းချိုအိုးပုံလည်း မကျတကျ၊ ထမင်းအိုးပုံလည်း မကျတကျ ဖြစ်သည်။ အိုးမှာ သပိတ်ကဲ့သို့ မြေနက်စေးနှင့် ဖုတ်ထားဟန် တူသည်။ ၄င်းအိုးထဲတွင် ပြာလိုလို၊ မြေဆွေးလိုလို တွေ့ရသည်။ ၄င်းပြာနှင့် ရောလျက်နေသော အိမ်မြှောင်ဥ ပမာဏမှသည် ဆန်ကွဲပမာဏထိ ရှိသော အစေ့ကလေးများကိုလည်း တွေ့ရသည်။ ဦးသာဦး၏ စာရင်းငှားက ၄င်းအစေ့ကလေးများကို ချေမွကြည့်၏။ မကြေ။
ထို့ကြောင့် ထိုမြေအိုးကို ကံ့ကော်ကျောင်း ဘုန်းတော်ကြီးထံသို့ ယူ၍ ပြသည်။ ကံ့ကော်ကျောင်း ဘုန်းတော်ကြီးက ၄င်းတို့သည် ဓာတ်တော် ဖြစ်သည်ဟု အဆုံးအဖြတ် ပေးသည်။
ဓာတ်တော်ဟူ၍ သိရသည့်နေ့ နောက်တညဉ့်၌ ကံ့ကော်ကျောင်း ဘုန်းတော်ကြီး၏ ဂန္ဓကုဋီတိုက် အပေါ်တည့်တည့်ရှိ ပြဿာဒ်မှ ရောင်ခြည်တော်များ ကွန့်မြူးသည်။ ထိုညတွင် ရွာသူရွာသား အားလုံးတို့က သဒ္ဒါလှသဖြင့် လှူဒါန်းကြရာ ငွေပေါင်း ၃၆၅ိ၊ ၅ူး၊ ၂ါး ရသည်ဟု ဘုန်းတော်ကြီး၏ စာရင်းအရ သိရသည်။
ထိုနေ့မှစ၍ ကိုးတောင်ပြည့်ဘုရား တည်ရန် လုပ်ငန်းကို ဘုန်းတော်ကြီး ကိုယ်တိုင် ဦးစီး၍ လုပ်ခဲ့ရာ ပန်းရန်ဆရာ နှစ်ဦး ငွေလိမ်၍ ပြေးသောကြောင့် နှစ်ချင်းပေါက် ဘုရားတည် ၍ မပြီးခဲ့ချေ။ သို့သော် တတိယ ပန်းရန်ဆရာကို ငှား၍ စာသင် ဦးလူကလေး ကိုယ်တိုင် စောင့်ကြပ်ကြည့်ရှု ခါမှပင်လျှင် ဘုရားတည်ခြင်း ကိစ္စ ကောင်းစွာ ထမြောက် လေတော့သည်။
ကိုးတောင်ပြည့် ဘုရားရှင် အပေါ်တွင် ဤမျှ သံယောဇဉ် ကြီးရှာသူ စာသင် ဦးလူကလေးသည် သူ၏ ရွာသူရွာသား တို့ကိုလည်း စိတ်မချချေ။
ညောင်ပင်သာရွာ မြောက်ဘက်ထိပ် ဇရပ်ကြီးမှ တမိုင်ကျော်ခန့် ဝေးသော နေရာတွင် မြောက်ချောကုန်း ရွာကလေး ရှိသည်။ ထိုရွာ၌ အပျိုချောချော ပေါသည်။ ညောင်ပင်သာမှ လူပျိုတို့သည် မြောက်ချောကုန်းမှ အပျိုတို့ကို ကမ္ဘာ့နိယာမ အတိုင်း ပိုးကြသည်။ သို့သော် ထို အပျိုလူပျို၏ အချစ်ဇာတ်လမ်းမှာ ရိုက်ပွဲများနှင့် အဆုံးသတ်တတ်သည်။
ထို့ကြောင့် ဘုရားပွဲဟေ့ဟု ဆိုလျှင် စာသင် ဦးလူကလေးသည် ဦခေါင်း ကြီးမိသည်။ ယခုမှာမူ ပွဲမိန့်ပေးမိပြီ ဖြစ်သောကြောင့် မတတ်သာတော့ပြီ။ ခပ်စောစောကပင် ပွဲခင်း ရှိရာသို့ သွား၍ ကြီးကြပ်မှ တော်လိမ့်မည်။
ဤစိတ်ကူးနှင့် ဦးလူကလေးသည် ပွဲဈေးသို့ ရောက်ခဲ့သည်။ ညဉ့်ဦး၌ ပွဲဈေးမှာ စည်းကားလှပေသည်။
ပွဲဈေးခင်းသို့ ဝင်လျှင်ဝင်ချင်း မုန့်လေပွေဆိုင်ကို တွေ့ရသည်။ ဆိုင်ရှင် မုဆိုးမကြီးက မုန့်လေပွေ တချပ်နှင့် လောကွတ်ပြုသေးသည်။ သို့သော် ခပ်လှမ်းလှမ်းက ကောက်ညှင်းကျည်တောက် ဆိုင်၌ ကာလသားတွေ တရုန်းရုန်း လက်ပံပင် ဆက်ရက်ကျသလို ကျနေကြသည်။ ကောက်ညှင်းကျည်တောက် ရောင်းသော ကောင်မကလေးမှာ ဆံရစ်ဝိုင်းကလေးနှင့် အတော် ချစ်စရာ ကောင်းသော အရွယ် ဖြစ်သည်။ သည်ကောင်မကလေး အကြောင်းကို ဦးလူကလေး ကောင်းစွာသိသည်။ ကောင်မကလေးက ရိုးသည်။ သူ့မိဘက ပင်ပန်းဆင်းရဲသည်။ အပျိုဘော်ဝင်စမှာ ညောင်ပင်သာက လူပျိုကာလသားများ အဝိုင်းခံနေရလျှင် ပျားပိတုန်းတွေ ဝိုင်း၍ အစုပ်ခံရသော စံပယ်ပန်းကလေးလို နေမညိုခင် နွမ်းရဖို့ ဖြစ်သည်။
ထို့ကြောင့် စာသင် ဦးလူကလေးသည် မုန့်လေပွေသည်မကြီး လောကွတ် လုပ်သည်ကို ကျေးဇူးတင်စကား တခွန်းနှင့် ပြန်ချေပြီးသော် ကောက်ညှင်းကျည်တောက် ဆိုင်သို့ သွားလေသည်။
ကောင်ကလေးတွေက ဦးလူကလေးထက် ပါးသည်။ ဦးလူကလေးကို မြင်လျှင်ပင် ကောက်ညှင်းကျည်တောက် တယောက် တချောင်းစီ ခပ်မြန်မြန် ဆွဲကာ ဈေးသည်အား ခပ်သုတ်သုတ် ပိုက်ဆံ ပေးပြီးနောက် လစ်ကြလေသည်။
“ဟဲ့ ကောင်မကလေး၊ နင့်ဆိုင် လူစည်လှချည့်လား”
ဦးလူကလေးသည် စကားစပ် မရှိဘဲ ကောက်ညှင်း ကျည်တောက် ရောင်းသူ ကောင်မကလေးကို တုံးတိတိ မေးသည်။ ကောင်မကလေးက ရှက်သလိုလို အမူအယာ ပြသည်။
“ဈေးရောင်း ကောင်းတာကိုး ဘကြီးရဲ့၊ ဒါပေမယ့် အကြွေး ရောင်းရတာ များပါတယ်”
ကောင်မကလေးက နောက်ဆုံးဝါကျကို မသက်သာသော ညည်းတွားသံ နှော၍ ပြောသည်။
“ဟဲ့ ဟိုအကောင်တွေဟာ နင့်ဆီက အကြွေးယူသလား။ နင့်ကို ဘာစကားတွေများ ပြောသွားသေးသလဲ” ဟု ဦးလူကလေးက မသင်္ကာသော သဘောနှင့် မေးမြန်းသည်။
ကောင်မကလေးသည် ပို၍ ရှက်သွားသည်။
“အို သူတို့ ဘာမှ မပြောပါဘူး။ ကောက်ညှင်းကျည်တောက် အားလုံးကို ခြုံဝယ်မယ် ဆိုပြီး ဈေးဆစ်နေတာပါ။ သူတို့ဆီက လက်ငင်း ပိုက်ဆံရပါတယ်။ အကြွေးကျတာက သူများဆီမှာပါ”
“အင့် ဟင်၊ ဒီကောင်တွေ ဒီလောက် အစားကြီးရော့လားဟယ်၊ နို့ ဘာလို့ အကုန် ဝယ်မသွားတာလဲ”
“ပြောတတ်ပါဘူး ဘကြီးရယ်။ ဘကြီး လာတာမြင်တော့ ခုလိုပဲ ချာကနဲ လှည့်ထွက် သွားကြတာပဲ”
စာသင်ဦးလူကလေးသည် အထက်ပါ အချီအချ စကားပြောပြီး စဉ်းစားနေသည်။ သက်သက် နောက်ပိုး ပိုးချင်လို့ ကောင်မကလေးဆီမှာ လာပြီး ဈေးဆစ် နေကြလေ သလော။ သူ လာမိ၍ ကောင်မကလေး အတွက် လာဘ်ပိတ် သွားလေသလော။ သည် ခွေးမသား လေးငါးဆယ်ယောက်က ကောက်ညှင်းကျည်တောက် အချောင်းပေါင်း လေးငါးဆယ်ကို ဘယ်ပုံ အပင်းဆို့ ကြမှာလဲ။
စာသင် ဦးလူကလေးသည် စိတ်ကူးရင်း ပွဲဈေးတန်းရှိ အုန်းထမင်းနှင့် ကြက်သားဆိုင်၊ ကော်ပြန့်ကြော်ဆိုင်၊ ထမင်းသုပ်ဆိုင်၊ သင်္ဘောသီး လက်သုပ်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ရှရပတ်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ လက်ဖက် ဂျင်းသုပ်ဆိုင်၊ မုန့်ကျွဲသည်းဆိုင်၊ ကျောက်ကျောဆိုင်၊ ဆေးလိပ် မီးခြစ် ကွမ်းယာဆိုင်တို့ကို တဆိုင်ပြီး တဆိုင် ဖြတ်သွားသည်။ ဘာမျှ မစဉ်းစားတတ်အောင် ဖြစ်သွားသည်။
“ဟော စာသင်ကြီး ကြွလာပြီကိုး” ဟု ဘုရားလူကြီးများက ဆီးကြို နှုတ်ဆက်တော့မှ ဦးလူကလေး အစဉ်းစား ရပ်တော့သည်။
တောဘုရားပွဲကလေးပင် ဖြစ်လင့်ကစား ညောင်ပင်သာရွာမှ အစပြု၍ တစတစ နာမည်ကြီးခဲ့သော “ဟမ္မရာ မောင်ညွန့်” ဇာတ်သည် ယနေ့ညအဖို့ မြို့မိမြို့ဖတို့အား ရင်နှစ်ခြမ်း ဖြန်းဖြန်းကွဲ၍ လဲလို့ပင် သေသေ ဝတ္တရား ကျေအောင် ကပြမည်ဟု အားခဲထားသည် ထို့ကြောင့် ပတ်မကြီးက “ဘေထိ ဘေထိ” ဟု ခပ်စောစောကပင် ကြို၍ မြည်နေသည်။ သို့သော် ဦးလူကလေးမှာ ညနေစာကို အိမ်မှာ မစားခဲ့ရသေး။ ထို့ကြောင့် သူ့ဝမ်းက တကြုတ်ကြုတ် မြည်သည်။
ဦးလူကလေးသည် ဘုရားလူကြီးများနှင့် စကားစမြည် ပြောဆိုနေရာမှ “ငါ ထမင်းစား ပြန်လိုက်ဦးမယ်ဟေ့” ဟု ဆိုသည်။
“ဟာ ခင်ဗျား ပြန်လို့ ဘယ်ဖြစ်မလဲ။ ဒီပွဲဈေးမှာပဲ ကြိုက်ရာ မှာစားပါ၊ ကျုပ်တို့ ကျွေးပါ့မယ်” ဟု ဘုရားလူကြီး တစ်ဦးက ဆို၏။
“ဟေ့ ငါ ပွဲကြပ်လာတာ နှစ်ပေါင်းနှစ်ဆယ် ကျော်ပြီ။ မင်းက ငါ အိမ်ပြန်မှာ စိုးရိမ်နေတယ် ဟုတ်လား။ တစုံတခု ဖြစ်ရင် အုပ်မနိုင် ထိန်းမရ ဖြစ်မှာ စိုးတယ် မဟုတ်လား။ ဟေ့ ဝန်ကြီးလေးပါး ထွက်တဲ့ အချိန်အထိ ပွဲ ဘယ်တော့မှ မလန့်ဘူးကွယ့်။ လက်ထောက် မင်းသမီး စခန်းထချိန် ရောက်ရင်တော့၊ အေး စိုးရိမ်ရသဟေ့”
ဦးလူကလေးက သူ၏ ဗဟုသုတ အတိုင်း ပွဲလန့်ချိန်ကို ကြိုတင် တွက်ဆ၍ ပြောသည်။ သို့သော် ဘုရားလူကြီးများ ရရှိထားသော သတင်းစကား အရမှာ ယနေ့ည ညောင်ပင်သာရွာနှင့် မြောက်ချောကုန်းရွာ နှစ်ရွာသည် ချိန်း၍ ရိုက်ပွဲ ဖြစ်လိမ့်မည်ဟု ဆိုပြန်သည်။
“ဟ ဒီလိုဆို သောက်ကျိုး နည်းရော့ပေါ့။ ကိုရင်တို့ တတွေက ကျုပ်ကို စောစောက ဘာလို့ မပြောသလဲ”
ဦးလူကလေးသည် အနည်းငယ် စိုးရိမ်လာ၍ ပြစ်တင်စကား ပြောကြားလေ တော့သည်။
“ဟာ စာသင်ကြီးကို စောစောက ပြောလို့ ဘယ်ဖြစ်မလဲ။ ပြောရင်လည်း ခင်ဗျားက ပွဲကို ပိတ်ပစ်ဦးမယ်။ အမှန်တော့ စောစောက ဒီသတင်းမျိုး မရပါဘူး။ အခုမှ ရွာသား
တယောက် လာ သတင်းပေးတယ်”
ဘုရားလူကြီးက ဤစကားကို ပြောမှ ကောက်ညှင်း ကျည်တောက်သည်ကို ဦးလူကလေးက ပြန်၍ သတိရသည်။
“ဟေ့ ဟေ့၊ ဒီလိုဆို မဖြစ်ဘူးလဟ။ ဒီလိုဆိုရင် ကောက်ညှင်း ကျည်တောက်သည်ကို မရောင်းရလို့ အမိန့်ပေးပြီး သိမ်းရမယ်” ဟု အလောတကြီးနှင့် ဦးလူကလေးက ပြောရင်း ဘုရားလူကြီး လေးငါးဦးကို ခေါ်၍ ထွက်သွားလေသည်။
သို့သော် ကောက်ညှင်း ကျည်တောက်သည် ကလေးကား အားလုံးကို ရောင်းချ၍ အိမ်သို့ ပြန်လေပြီ။
“ကိုင်း ဟေ့၊ မဖြစ်ဘူးဟေ့၊ တုတ်တွေ ဓားတွေ သိမ်းမှပဲ” ဟု စာသင် ဦးလူကလေးက အရေးပေါ်အမိန့် ထုတ်လေသည်။
သိမ်းသမျှ တုတ်ထဲတွင် ဝါးရင်းတုတ် အတော်များများ ပါ၏။ သို့သော် ဟန်တိန်တုတ်မှာ အတော် အရေးကြီးသည်။ ၄င်းသည် အပြင်းအထန် နာကျင်စေမှု ဖြစ်သော ၃၂၆ မှ လူသတ်မှု ၃၀၂ သို့ ပုဒ်မ ပြောင်းပေးရန် စွမ်းဆောင်နိုင်သော သေလောက်သည့် လက်နက် ဖြစ်သည်။ သို့ပေမယ့် ဟန်တိန်တုတ်ကို စပါးအဝယ်တော် တဦးက သဘောရိုးနှင့် ကိုင်ဆောင်လာသည်ကို တွေ့ရသဖြင့် ထို စပါးအဝယ်တော်ကိုပါ ပွဲကြပ်သည့် လူကြီးစာရင်းထဲ သွင်းလိုက်ရသည်။
ဝန်ကြီးလေးပါးကား ထွက်လေပြီ။
ဗာရာဏသီပြည့်ရှင် ဘုရင်မင်းမြတ်နှင့် မင်းကြီး သက်တော်ရှည်တို့သည် အမျှင်မပြတ် လေရှည်လျက် တစ်ဦးက အမိန့်တော်မြတ် မှတ်တော်မူစဉ် အခြားတစ်ဦးက ဗျာဒိတ်တော် ပန်ဆင်လျက် ရှိကြကုန်သည်။ သူတို့ အတိုင်အဖောက် လေရှည်လေလေ၊ ရိုက်ပွဲကျင်းပမည့် အချိန်နာရီ ဝေးလေလေ။ ထို့ကြောင့် အနည်းငယ် သက်သာရာ ရလေလေဟု ဦးလူကလေးက တွေးမိ၏။
သို့သော် ပွဲကြည့်ပရိသတ်၏ လက်ယာဘက် ထောင့်က “ဖြောင်” ခနဲ ကြားလိုက်၏။ ပွဲကြည့်ပရိသတ် အများပင်
ဝရုန်းသုံးကား ဖြစ်သွားသည်။
“ဟေ့ ထိုင်ကြ၊ ထိုင်ကြ။ ဘာလို့ လှုပ်လှုပ်ရွရွ ဖြစ်နေတာလဲ” ဟု ဦးလူကလေးက သူ၏ အသံဝါကြီးကို ဩ၍ အော်ပြော၏။ ပရိသတ် ငြိမ်သွားသည်။
သို့သော် ၄င်း “ဖြောင်” ခနဲ မြည်သံမှာ ကုလားထိုင် ကျိုးကျသော အသံဖြစ်၍ ဦးလူကလေးနှင့်တကွ ဘုရားလူကြီးများ အပါအဝင် တခဲနက်သော ပရိသတ်သည် တခဲနက်သော အသံဖြင့် ရယ်ကြလေသည်။
အမှန်မှာ ထိုညက လက်ထောက် မင်းသမီး စခန်းထသည့် အချိန်အထိ ပွဲမှာ ငြိမ်သက်လှသည်။ တုတ်၊ ဓား စသည့် လက်နက်ကို ကြိုတင် သိမ်းထားခြင်း၏ အကျိုးပင် ဖြစ်တော့သည်။ ထို့ကြောင့် စိတ်သက်သာ ရသော ဦးလူကလေး
နှင့် အပေါင်းပါတို့သည် အုန်းထမင်းနှင့် ကြက်သားဟင်းကို စိတ်အေးလက်အေး မြည်းနေကြသည်။
“ချိုးနှစ်ကောင် အောင် ဝေါင်”
“တိန် တိန် တိန်”
“ထနောင်းပင် ညီနောင်က”
“နောင် နောင် နောင်”
“လွမ်းအောင် ကူချွဲ ဟဲ အဲ အဲ”
နောက်ထိုင်က “ဟမ္မရာ မောင်ညွန့်” တို့ နှစ်ပါးသွားအတွက် ခွန်းထောက်ကို ဆိုလိုက်လေသော် နှဲဆရာက လူဆိုသည့်အတိုင်း လိုက်၍ “ချွဲ အဲ ဟဲ၊ ချွဲ အဲ ဟဲ” ဟု မှုတ်နေသည်။
“ဟေ့ ဘယ့်နှယ်လဲကွယ့်၊ ယောက်ဖရဲ့၊ ဒီညတော့ မိုးအလင်း အေးအေး ကြည့်ရလိမ့်မယ် ထင်တယ်ဟေ့” ဟု ဦးလူကလေးက အုန်းထမင်းပန်းကန် လက်စသိမ်းရင်း ပြောလိုက်လေသည်။
ဦးလူကလေး၏ စကား ဆုံးသည်နှင့် တပြိုင်နက် ဝုန်းကနဲ အသံတခု ကြားလိုက်ရသည်။ ပွဲလယ်ကောင်မှာ ပရိသတ်သည် မြေပြိုသဖြင့် ပြေးကြဘိ သကဲ့သို့ တိုးဝှေ့ ပြေးကြသည်။
“ဟဲ့ ဟဲ့၊ ဘာဖြစ်တာလဲဟ”
“ဟေ့ ငြိမ်ငြိမ်နေကြ၊ မဆိုင်သူ အနားမကပ်နဲ့”
“မိစိန်ရေ၊ မိနက်ကေ၊ ဟဲ့ သေချင်းဆိုးမတွေ လာခဲ့ကြ၊ အိမ်ပြန်မယ်”
“ချကုန်ပဟ”
ဦးလူကလေးနှင့် အပေါင်းပါတို့သည် ပွဲထဲသို့ မိနစ်မဆိုင်း ရောက်လာ ကြပါ၏။
သို့သော် တအုန်းအုန်း အသံကို ကြားရသော်လည်း ရန်ဖြစ်နေသော အစုကို မတွေ့ရချေ။
“ဟဲ့ ကောင်မတွေ၊ ဘာမှ ဖြစ်တာမဟုတ်ဘဲနဲ့ နင့်အမေ
ဂလိန်းမို့ ရွနေကြတာလားဟင်” ဟု ဦးလူကလေးက ရေရွတ်လိုက်သည်။ ဦးလူကလေး ဆဲသံသည် ပတ်မ တုတ်နေသော အသံကိုပင် လွှမ်းမိုးသွားသည်။ ထို့ကြောင့် တအောင့်မျှ ပရိသတ် ငြိမ်သွားသော ဟူ၏။
ထိုအခါမှပင် ပွဲ၏နောက်ဘက် အလံလေးဆယ် လယ်
တကွက် နှစ်ကွက်လောက် အကွာတွင် ရှိသော ရေမရှိသည့် ဖင်လှန်ရိုးချောင်းမှ “အုန်း” ခနဲ အသံ၊ “ဖြောင်” ခနဲ အသံ၊ မအေနှမ ဆဲသံ၊ ပြေးသံ လွှားသံ၊ “အမယ်လေးဗျ” အသံ၊ “အုပ်ဆက်ကို ထိပဟ” ဟူသောအသံ၊ “သကြားသိပ်ဟေ့” ဟူသောအသံ အစရှိသည့် အသံမျိုးပေါင်း တဒါဇင်ကျော်ကျော် နှစ်ဒါဇင်ခန့်တို့သည် အရပ်အနားမရှိ ဆက်တိုက် ပေါ်ထွက် လာလေသည်။
ဖင်လှန်ရိုးချောင်း ဘက်၌ လပြည့်ကျော် တရက်နေ့ လဝန်းကြီးသည် ညောင်ပင်သာနှင့် မြောက်ချောကုန်းရွာ နှစ်ရွာအတွက် အလင်းရောင် အင်အားကို ပေးနေသော အောက်လင်း ဓာတ်မီးကြီး ပမာတမျှ ထိန်ထိန်သာလျက် ရှိသည်။ ဦးလူကလေး၏ အဖို့၌ ထိုညက လသာသာထဲတွင် ရန်ဖြစ်သူအများ ပြေးကြလွှားကြ၍ ထသော ဖုန်ကိုပင် မြင်ရသည်ဟု ဆိုပေသည်။
ဦးလူကလေးတို့ လူသိုက်သည် အခြင်းဖြစ်ပွားရာ ဒေသသို့ အရောက် ပြေးကြသည်။
“ဟေ့ လူမှားကုန်မယ်နော်၊ သတိထားဟေ့။ မီးတုတ်ကိုလည်း ယူခဲ့ကြဟေ့” ဟု ဦးလူကလေးက ဦးစီးခေါင်းဆောင် ပြု၍ အော်ဟစ်ကာ ချိန်းရိုက်ပွဲ သမားများ ထံသို့ ချီတက်ကြသည်။
သို့သော် မီးတုတ်မှာ စလောင်းဖုံးထဲတွင် ထမင်းခြောက်နှင့် ရေနံချေး ရော၍ ထွန်းသော မီးတုတ်ဖြစ်ရာ မီးတုတ်ကိုင်သူသည် စလောင်းဖုံး ကျကွဲမည် စိုးရိမ်သောကြောင့် သတိနှင့် ကိုင်နေရ၍ ခရီး များစွာမတွင်။ ဦးလူကလေးကသာ လရောင်ကို အဖော်ပြု၍ ရှေ့မှ သွားပြီး ရန်ဖြစ်သူတို့ကို လိုက်ဖမ်းရသည်။
ချိန်းရိုက်ပွဲ သမားများနှင့် ဦးလူကလေးတို့ လူသိုက် လရောင်အောက်၌ ရာမ သမင်လိုက်ခန်း ဇာတ်တော်မဟာကို ခင်းကျင်းပြသ နေစဉ် ဖင်လှန်ချောင်းမှ ကျွံ၍ ထွက်လာသော ညောင်ပင်သာ ကာလသားတို့နှင့် မြောက်ချောကုန်း ကာလသားတို့မှာ ပွဲရှိရာသို့ ဦးတည် ပြေးလာကြသည်။ ပွဲ၌ လူအများ ရုတ်ရုတ်သဲသဲ ရှိစဉ် ရန်ဖြစ်သူတို့ကား ပွဲကို ပတ်ချာလည် လှည့်ပြေး၍ ပြောင်ပြောင်ကြီး ရိုက်၍ နေကြသည်။ ၄င်းတို့ ကိုင်သော လက်နက်တို့တွင် ငါးဆယ် ရာခိုင်နှုန်းမှာ ကောက်ညှင်း ကျည်တောက်များ ဖြစ်သည်။ ကျန်လက်နက်တို့မှာ ဝါးရင်းတုတ်၊ ရှားနှစ်တုတ်၊ ထန်းနှစ်သားတုတ်၊ ပျဉ်းကတိုးတုတ်နှင့် ပိတောက်သားတုတ်များ ဖြစ်လေသည်။
ဇာတ်ခုံပေါ်တွင် “ဟမ္မရာ မောင်ညွန့်” သည် ခြေဆင်း၍ ထိုင်နေသည်။ သူ၏ မင်းသမီးက ပြောင်းဖူးဖက် ဆေးလိပ်ကို မီးညှိပြီးလျှင် “ဟမ္မရာ မောင်ညွန့်” အား ဆက်သနေသည်။ နောက်ထိုင် လူပြက် နှစ်ယောက်ကား ဇာတ်စင်အောက်ရှိ နှဲဆရာနှင့် လှမ်း၍ စကားပြော နေသည်။
“ဇာတ်ဆရာက မနက်ကျရင် ချဉ်ပေါင်ကို ဝါးရင်းတုတ်နဲ့ ကြော်ပြီး ကျွေးလိမ့်မယ် ထင်ပါရဲ့” ဟု လူပြက် တဦးက
ခနဲ့သည်။
နှဲဆရာက “မျှစ်နဲ့ ဝါးဟာ အတူတူပါပဲကွာ” ဟု ပြန်ပြောသည်။
ရှေ့က ပြေး၍ နောက်က လိုက်ရိုက်သော သူတစုတို့ ပွဲကို အလယ်၌ ထား၍ ပတ်ချာလည် လှည့်ပြေးရာ နှစ်ပတ် သုံးပတ်မျှ ရှိလျှင် ဦးလူကလေးနှင့် အပေါင်းပါတို့သည် ရန်ဖြစ်သူ အချို့ကို ၄င်းတို့၏ ကောက်ညှင်း ကျည်တောက်များနှင့် တပါတည်း ဖမ်းဆီး၍ ပွဲရှိရာသို့ ခေါ်လာခဲ့သည်။ ဦးလူကလေးတို့ ရောက်မှ ပွဲနယ်နိမိတ်ထဲ ဝင်၍ ရန်ဖြစ်သူများကို ဖမ်းကြရသည်။
ထိုညက ရှလပတ်ရည် ရောင်းသော ကုလားသည် အရှုံးကြီး ရှုံးလေသည်။ ရှလပတ်ရည် ဖျော်ရန် သကြား တပိဿာကို ဦးလူကလေးအား ပေးလိုက်ရသည်။ ဦးလူကလေး၏ အဆိုမှာ ကုလားထံမှ သကြား ငါးဆယ်သားသာ ရသည်ဟု ဆိုသည်။ လိုနေသော တပိဿာကို ရွာထဲရှိ တရုတ်ကုန်စုံဆိုင်မှ တောင်းယူရသည်ဟု ပြောသည်။
သကြား တပိဿာငါးဆယ် ကုန်သည်ဟု ဆိုလျှင် ဒဏ်ရာရသူ အနည်းဆုံး သုံးလေးဆယ်မက ရှိပေလိမ့်မည်။ သို့သော် နံနက်တွင် ဌာန၌ စစ်လိုက်သောအခါ အရေးကြီးသော တရားလို တရားခံတို့မှာ တဖက်လျှင် လေးငါးဦးမျှသာ ရှိသည်။
ထိုညက “ဟမ္မရာမောင်ညွန့်”တို့ နှစ်ပါးသွားကို လူကြိုက် အတော်များသည်။ လွမ်းခန်းတွင် မိန်းမသာမက ယောက်ျားရင့်မကြီး တွေပါ မျက်ရည်ကျ ရသည်ဟု ဆိုသည်။ သို့ရာတွင် နောက်ထပ် ဆက်၍ ပွဲ ခဏခဏ လန့်သောကြောင့် “ပွဲကြည့်ရတာ ဇိမ်မရှိပါဘူးတော်” ဟု ဈေးထဲက ရှမ်းဖက်သည် ဒေါ်ကြေးအုံကြီးက မှတ်ချက်ချသည်။
သို့ပေမင့် ထိုညက ဦးလူကလေး၏ လုံ့လကြောင့် နောက်ထပ် သွေးထွက်သံယိုမှု တခုမျှ မရှိတော့ချေ။ ဦးလူကလေးလည်း ပတ်စာခွာ ဖျာသိမ်းသော အချိန်ကျမှသာ အိမ်သို့ ပြန်နိုင်တော့သည်။
အိမ်သို့ရောက်သော် တရေးတမောမျှပင် မအိပ်ရချေ။ ညက အမှုအခင်းအတွက် တိုင်ချက် ဖွင့်ရသေးသည်။ ရိုက်ပွဲမှာ ဘုရားလူကြီးများ ပြောသလို ချိန်းပွဲဖြစ်သည်။ မည်သူက မည်သူ့အား မည်သည့် လက်နက်နှင့် ရိုက်သွားသည်ကို မည်သည့် မျက်မြင်သက်သေမျှ ရှိသည်မဟုတ်။ ညောင်ပင်သာရွာတွင် ရှေးရိုးစဉ်လာအရ ဘုရားပွဲများ အဆက်ဆက် လုပ်ခဲ့သည်။ ဘုရားပွဲ ဖြစ်တိုင်းဖြစ်တိုင်း ညောင်ပင်သာနှင့် မြောက်ချောကုန်း နှစ်ရွာ ချိန်း၍ ရိုက်ပွဲ ဖြစ်တတ်သည်။ ဤချိန်းပွဲမျိုးတွင် ရေးကြီးခွင့်ကျယ် လုပ်၍ တရားလို တရားခံ သက်သေကို ရအောင် ရှာနေလျှင် ရွာလည်း နာမည်ပျက်၊ ဦးလူကလေးလည်း ထုချေလွှာ အတောင်းခံရ၊ ဘာမျှ အကျိုးမရှိသည့် အပြင် ဘုရားလူကြီးတဦး ဖြစ်သူ ရွှေယောက်ဖက ဆဲဆိုကြိမ်းမောင်း လုပ်ဦးမည်။ ထို့ကြောင့် သာမန် ရုန်းရင်းဆန်ခတ် ဖြစ်သော ပုဒ်မ ၁၆၀ အရသာလျှင် ကိစ္စပြီးလောက်သည်။
ဦးလူကလေးသည် ဤကဲ့သို့ ရာဇသတ် ပုဒ်မတို့ကို လိုတိုးပိုလျှော့ လုပ်ရန် အကြံထုတ်နေစဉ် ကောင်ကလေး တယောက်နှင့် ကောင်မကလေး တယောက်သည် ကင်းဂတ်ထဲသို့ ဝင်လာသည်။
ဦးလူကလေး စာသင်လုပ်လာသည်မှာ အံတိုနေပြီ။ထို့ကြောင့် ထို ကောင်ကလေးနှင့် ကောင်မကလေး စုံတွဲကို မြင်ခါမျှနှင့်ပင် မိန်းမခိုးမှု ဖြစ်ပြီဟု သိသည်။ ကောင်ကလေး ကိုလည်း မြင်ဖူးသလိုလို၊ ကောင်မကလေး ကိုလည်း မြင်ဖူးသလိုလို၊ အထူးသဖြင့် ကောင်မကလေးက ဘယ်သူနှင့် တူပါလိမ့်။
“အောင်မယ်၊ ဟဲ့ ကောင်မလေး။ နင် ငယ်ငယ်ရွယ်ရွယ်နဲ့
လင့်နောက် လိုက်လာတယ် မဟုတ်လား။ ဟယ် ငါက ဘယ်သူများ ပါလိမ့်လို့။ လက်စသတ်တော့ နင် ဒေါ်အိုဇာရဲ့ သမီး မဟုတ်လား”
ကောင်မကလေးက ခပ်ရှက်ရှက်နှင့်ပင် ဦးလူကလေး၏ မေးခွန်းကို မှန်ကြောင်း ဝန်ခံသည်။
“သယ်၊ နင် ညကပဲ ကောက်ညှင်းကျည်တောက် ရောင်းနေသေးတယ် မဟုတ်လား”
ဦးလူကလေးက ပုလိပ်စစ် စစ်ပြန်သည်။
ကောင်မကလေးက “ဟုတ်ပါတယ်” ဟု ဆိုသည်။ “ကျွန်မ အလိုတူ အလိုပါ လိုက်လာတာပါ” ဟု သူ့လင်တော်မောင် သင်ထားသည့်အတိုင်း ထပ်၍ ကွန့်လိုက်သေးသည်။
“နင် ညက ဟိုအကောင်တွေကို ကောက်ညှင်းကျည်တောက် အားလုံး ရောင်းခဲ့တယ်။ ကောက်ညှင်းကျည်တောက် တွေလည်း ကုန်ရော၊ နင်လည်း လိုက်ပြေးရော။ အဲ နင်ရောင်းတဲ့ ကောက်ညှင်းကျည်တောက် တွေနဲ့ ဟိုအကောင်တွေလည်း ရန်ဖြစ်ကရော။ ဒီအတိုင်းပဲ မဟုတ်လား”
ဦးလူကလေးက ရေလာမြောင်းပေး မေးလေသည်။
ဦးလူကလေး ပြောသမျှကို ကောင်မကလေးက ခေါင်းညိတ်၍ မှန်ကြောင်း ဝန်ခံသည်။
သည်တော့မှ ကောင်ကလေးက “ဘဘကြီး၊ ကျွန်တော်တို့ကို ကယ်ပါဦး၊ အခု သူ သဘောတူလို့ ကျွန်တော် ခိုးလာတာကို ဘဘကြီးကလည်း မဖျက်ပါနဲ့။ သူ့ဘက် ဆွေမျိုးများက ဖျက်ရင်လည်း ကူညီပြီး ပြောပေးပါ။ ကျွန်တော့်အဖေ ဦးရွှေကျုံးကိုလည်း ဘဘကြီး နားချပေးပါ။ ဘဘကြီး ကယ်နိုင်မယ် ဆိုတာသိလို့ ဘဘကြီးဆီ လာတာပဲ” ဟု အသနားခံလေသည်။
“အောင်မယ်၊ မင်းက ဦးရွှေကျုံးသား ဆိုတော့ မြောက်ချောကုန်း ကပေါ့။ တယ်ဟုတ် ပါလားဟေ့။ ခါတိုင်းတော့ မိန်းမခိုးလို့ ရိုက်ပွဲဖြစ်တယ်။ ခု ဒီတခါတော့ ရိုက်ပွဲဖြစ်လို့ မိန်းမခိုးတယ်။ မင်းတို့ မြောက်ချောကုန်းက ညောင်ပင်သာကို ကျောသွားပြီပေါ့ကွာ” ဟု ဦးလူကလေးသည် တဟားဟား ရယ်ရင်း ပြောလိုက်လေသည်။
“ကိုင်း ကိုင်း၊ ကောင်းပြီ။ သွား သွား။ မောင်ရင် နင့်နာမည် ထွန်းချိန် မဟုတ်လား။ အေး အေး၊ ငါ မှတ်မိပြီ။ မင်း ကောင်မကလေးကို မယားမှတ်မှတ် သားမှတ်မှတ် ပေါင်းနော်” ဟူ၍ ဦးလူကလေးက ဆုံးမဩဝါဒ ပေးပြန်သည်။ ထို့နောက် သတိရ၍ ဦးလူကလေးက ကောင်မကလေးကို မေးသည်။
“ဟဲ့ နေပါဦးဟဲ့၊ နင့်နာမည် ငါမေ့နေလို့”
“ကျွန်မနာမည် စိန်အေးပါ”
“အဲ အဲ စိန်အေး၊ နင့်အသက် ဘယ်လောက်ရှိပြီလဲ”
“ကျွန်မ ဆယ့်လေးနှစ် ပြည့်ပါပြီ”
“ဟဲ့ ဆယ့်လေးနှစ် ပြည့်လို့ လင်ယူပေမယ့် တရားဝင်တဲ့ အရွယ် မဟုတ်သေးဘူး။ နင်တို့ သောက်ဒုက္ခ များကုန်လိမ့်မယ်။ နောက် သူများမေးရင် ဆယ့်ခြောက်နှစ် ကျော်ပြီလို့ ပြော။ ကိုင်း ကိုင်း ပြန်ကြ ပြန်ကြ။ ငါ အလုပ်ရှိသေးတယ်”
ထွန်းချိန်နှင့် စိန်အေးတို့သည် ကုပ်ချောင်းချောင်းနှင့်
ကင်းဂတ်ထဲမှ ထွက်သွားကြသည်။
ဦးလူကလေးသည် သူတို့နှစ်ဦးကို ပြုံး၍ကြည့်ရင်း ဂတ်စာရေးကို အော်ပြောသည်။
“ဟေ့ ပုဒ်မ ၁၆၀ နဲ့ ပြီးအောင် လုပ်ဟေ့”
@@@@@@@@@@--------------
မောင်ထင်
မြဝတီ၊ ဧပြီ၊ ၁၉၅၄။
credit to မြန်မာဝတ္ထုတိုများ
Share by U Ko Ko Htwe

Comments

Popular posts from this blog