"လှချင်လွန်းလို့"
••••••••••••••••••
စိတ်မနှံ့သူများသည် ကျွန်ုပ်အဘို့ စိတ်ဝင်စားစရာကောင်းသူများ ဖြစ်သည်။ သူတို့သည် ကျွန်ုပ်တို့လောကနှင့်မတူသော စိတ်ကူးလောကကြီးတွင် နေထိုင်ကြသည်။ သူတို့မြင်သောဝတ္ထုကို ကျွန်ုပ်တို့ မမြင်နိုင်။ သူတို့ကြားသော အသံကို ကျွန်ုပ်တို့ မကြားနိုင်။ သူတို့နှစ်သက်သော အရာကို ကျွန်ုပ်တို့ မနှစ်သက်နိုင်။
သူတို့၏ စိတ်ကူးလောကကို မည်သူမျှ အုပ်ချုပ်၍ မရ။ ဘယ်ဥပဒေနှင့်မျှ သူတို့အပြုအမူကို မတားဆီးနိုင်။ ဘယ်အကြောင်း ပြချက်မှ သူတို့ နားဝင်လိမ့်မည်မဟုတ်။ သူတို့အဘို့ မလုပ်ကိုင်နိုင်သောအရာ၊ မဖြစ်မြောက် မအောင်မြင်နိုင်သော ကိစ္စဟူ၍ မရှိ။ မင်းသား မင်းသ္မီးအဖြစ်သို့လည်း​ကောင်း၊ ဧကရာဇ်မင်းကြီး နတ်မင်းကြီးဘဝသို့လည်း​ကောင်း၊ ခဏချင်း ရောက်ရှိနိုင်ကြသည်။ လောက၏ အာရုံခြောက်ပါးကို လျှပ်တပြက်အတွင်း ခံစားနိုင်ကြသည်။ တကမ္ဘာလုံးရှိ ပစ္စည်းဥစ္စာ ရတနာတို့ကိုလည်း လက်ဖျစ်တတွက်အတွင်း သိမ်းပိုက်နိုင်ကြသည်။သူတို့သည် အစဉ်သဖြင့် သန်စွမ်းခြင်း၊ လှပခြင်း၊ ငယ်ရွယ်ခြင်း၊ ချစ်ဘွယ်ကောင်းခြင်းနှင့် ပြည့်စုံနိုင်ကြသည်။ လောကတွင် သူတို့သာလျှင် အတိုင်းမသိ ပျော်ရွှင်နိုင်ကြသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့သည် “လောကအစစ်” ကို ရိုးရိုးမျက်စိဖြင့် ကြည့်ခြင်း မြင်ခြင်းငှါ မစွမ်းနိုင်ကြသောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် သူတို့ကို တွေ့တိုင်း သူတို့အကြာင်းကို နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားသည်။ သူတို့စိတ်ကို ကပြောင်းကပြန်ဖြစ်စေသည့် အကြောင်းရင်းကိုလည်း စူးစမ်းရှာဖွေလေ့ရှိသည်။ တနေ့သောအခါ တံတားကလေး ဆေးရုံသို့ သွားရောက် ကြည့်ရှုပါသည်။ ကျွန်ုပ်ကို လိုက်ပြနေသော မိတ်ဆွေဆရာဝန်က
“ကဲ၊ ခင်ဗျားကို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်ကလေးတခု ပြောပြရအုံးမယ်” ဟု ပြောကာ အခန်းတခု၏တံခါးကို ဆွဲဖွင့်လိုက်ရာ အသက်လေးဆယ်ခန့်ရှိ မိန်းမကြီးတယောက်ကို တွေ့ရပါသည်။ သူသည် ပက်လက် ကုလားထိုင်ပေါ်တွင် ထိုင်ကာ မှန်ငယ်ကလေးကို ကြည့်ရင်း သူ့မျက်နှာကို လက်တဘက်နှင့် အသာအယာ စမ်းသပ်နေလေသည်။ ကျွန်ုပ်တို့ကို မြင်သည်နှင့်တပြိုင်နက် အလန့်တကြား ထကာ ကုလားထိုင်စွပ်ကို ပြာပြာသလဲယူ၍ သူ့မျက်နှာကို ဖုံးအုပ်ပြီးမှ ကျွန်ုပ်တို့ဘက်သို့ လှည့်၍ အနည်းငယ် ဦးခေါင်းညွှတ် နှုတ်ဆက်ပါသည်။
“ဒီနေ့ ဘယ့်နဲ့နေသေးသလဲ ခင်ဗျာ” ဟု ဆရာဝန်က မေးလိုက်သောအခါ မိန်းမကြီးသည် သက်ပြင်းရှည်ကြီးကို လေးလေးပင်ပင် ချလိုက်ပြီးနောက် “သိပ်ဆိုးတယ် ဆရာရယ် သိပ်ဆိုးတယ်။ အမဲပြောက်တွေက တနေ့ထက်တနေ့ များများလာတယ် ဆရာ” ဟု ဖြေလေသည်။
“ဟာမဟုတ်တာ… ခင်ဗျာ စိတ်ထင်လို့ပါ...။ ခင်ဗျားမျက်နှာမှာ ဘာပြောက်မှ မရှိဘူး၊ ချောလို့ ညက်လို့…”
မိန်းမကြီးသည် ဆရာဝန်အနားသို့ ကပ်လာပြီးလျှင် လေသံကလေးနှင့် ပြောပြန်သည်။
“မဟုတ်ဘူး ဆရာရဲ့၊ ကျမ သေသေချာချာ ရေကြည့်ထားတယ်။ ဒီနေ့ ဆယ်ခု တိုးလာတယ်ဆရာရဲ့။ ညာဘက် ပါးပေါ်မှာ သုံးပြောက်၊ ဘယ်ဘက် ပါးပေါ်မှာ လေးပြောက်။ နဖူးမှာ သုံးခု၊ သိပ်ကြောက်စရာကောင်းတာဘဲ ဆရာရယ်။ ကျမတော့ ဘယ်သူ့မှ မျက်နှာမပြဝံ့တော့ဘူး၊ ကျမသားကိုတောင် ကျမ မပြရဲဘူး။ ကျမတော့ ဘဝဆုံးပြီ။ တသက်လုံး ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်နေတော့မှာဘဲ” ဟု တုန်တုန်ရီရီနှင့် ပြောရင်း ကုလားထိုင်ပေါ်တွင် ထိုင်ကာ ရှိုက်နေလေသည်။
ဆရာဝန်သည် ကုလားထိုင်တလုံးကို သူ့အနားသို့ ဆွဲထိုင်ကာ
“ကဲ ပြစမ်းပါအုံး၊ ကြည့်စမ်းပါရစေ၊ ဆေးနဲနဲ လိမ်းလိုက်ယင် ပျောက်သွားမှာပါဘဲ” ဟု ချိုသာသောစကားနှင့် ချော့မော့ပြောလေသည်။
သူသည် ဘာမှပြန်မပြောဘဲ ခေါင်းသာ အတွင်ခါနေပါတော့သည်။ သူ့မျက်နှာတွင် ဖုံးထားသောအဝတ်ကို ဆရာဝန်က မသောအခါ အတင်း လက်နှစ်ဘက်နှင့် ဆွဲထားသဖြင့် အနည်းငယ် စုတ်သွားလေသည်။
“ပြစမ်းပါအုံး ခင်ဗျ။ ဒီအမဲအပြောက်တွေကို ကျွန်တော် ပျောက်အောင် လုပ်ပေးတယ် မဟုတ်လား။ ကျွန်တော်ကုလို့ဘဲ ပျောက်တောင်ကုန်ဘီ။ ဒီလိုကပ်ဖဲ့ လုပ်နေယင် ဘယ့်နှယ်ကုမလဲ”
“ဆရာ့ကိုတော့ ကိစ္စမရှိပါဘူး။ ဟိုလူတယောက်ကို ကျမ မသိဘူး”
“အို ဒါကြောင့်လား၊ သူလဲ ကျွန်တော်လို ဆရာဝန်ဘဲ။ ကျွန်တော့်ထက်တောင် နားလယ်သေးတယ်” ဟု ပြောမှ သူ့မျက်နှာမှ အဝတ်ကို လှစ်ခွင့်ပြုရာ အရှက်အကြောက်ဖြင့် နီရဲနေသာ မိန်းမကြီးမျက်နှာကို သေချာစွာ တွေ့ရပါသည်။ ကျွန်ုပ်တို့နှင့် အကြည့်ချင်း မဆုံမိရန် မျက်နှာလွှဲနေလေသည်။
“အို… ကျမမျက်နှာကို ဒီလိုပြရဒါ သိပ်ရှက်တာဘဲ။ မြန်မြန်ပျောက်အောင် ကုပေးပါ ဆရာရယ်” ဟု တောင်းပန်ရှာသည်။
ကျွန်ုပ်သည် အံသြခြင်းဖြင့် သူ့မျက်နှာကို အတန်ကြာအောင် စိုက်ကြည့်နေမိပါသည်။ အဖု အပိန့် အပြောက်ဟူ၍ အနည်းငယ်မျှမရှိ၊ ချောမွတ် ပြည့်ဖြိုး ကျက်သရေရှိလှသော မျက်နှာကိုသာ တွေ့ရပါသည်။
“ကျမသားလေးကို ပြုစုရင်း ဒီဝေဒနာ ရတာပါဘဲ” ဟု ကျွန်ုပ်ဘက်သို့ လှည့်ကာ ပြောလေသည်။
“ကျမ ရုပ်ဖျက်ဆင်းပျက် ဖြစ်သွားပေမဲ့ ကျမသားလေးတော့ ချမ်းသာသွားရှာပါတယ်၊ သားအတွက် ကျမ အနစ်နာခံပါတယ်ရှင်၊ ကျမဝတ္တရား ကျေပါတယ်နော်။ နတ်ကောင်းနတ်မြတ်များတော့ ကျမကို ကြည့်မနေပါဘူးနော်”
ဆရာ့ဝန်သည် စုတ်တံကလေးတခုကို ထုတ်ယူလိုက်သည်။
“ကဲ… ကဲ…၊ ကျွန်တော် အမဲပြောက်တွေ ပျောက်သွားအောင် လုပ်လိုက်မယ်” ဟု ပြောပါသည်။
သူ၏လက်ျာဘက်ပါးကို ဆရာဝန်ဘက်သို့ ငဲ့ပေးရာ ဆရာ့ဝန်သည် ပန်းချီကားကို ဆေးခြယ်သကဲ့သို့ စုတ်တံငယ်နှင့် ဗလာဆေးသာ ခြယ်နေလေသည်။ ထို့နည်းတူ ဘယ်ဘက်ပါး၊ မေး၊ နဖူးတို့ကိုလည်း ဗလာဆေး ခြယ်ပေးသည်။
ထိုနောက် အသံကျယ်ကျယ်နှင့် “ကဲ မရှိတော့ဘူး၊ အားလုံး မရှိတော့ဘူး၊ ပျောက်ကုန်ပြီ ကြည့်စမ်း” ဟု ပြောသည်။
မိန်းမကြီးသည် မှန်ကလေးကို ယူကြည့်ကာ သူ့မျက်နှာကို လက်တဘက်နှင့် စမ်းသပ်ရင်း “ဟုတ်ကဲ့… နဲနဲလေးဘဲ ရှိတော့တယ်နော်၊ ဆရာ့ကျေးဇူး ဘယ်လိုဆပ်လို့မှ ကုန်တော့မှာ မဟုတ်ပါဘူး” ဟု အနည်းငယ်ပြုံးယောင်နှင့် ပြောပါသည်။
ဆရာဝန်သည် နေရာမှထ၍ မိန်းမကြီးကို နှုတ်ဆက်ပြီးနောက် အခန်းတွင်းမှ ထွက်ကာ တံခါးကို ပိတ်ပြီးလျှင် ဤထူးဆန်းသော မိန်းမကြီးအကြောင်းကို ပြောပြပါသည်။
“ဒီမိန်းမကြီး နာမယ်က ဒေါ်လှရင်တဲ့ဗျ။ ခင်ဗျာ့မြင်တဲ့အတိုင်းဘဲ ငယ်ငယ်က တော်တော်ချောတဲ့ မိန်းမပေါ့။ အခုတောင် ဘယ်လောက်ချောသေးလဲ။ တော်တော်လဲ အလှဂုဏ် ​မောက်ခဲ့တယ်။ အချိန်ရှိသလောက်ဟာ သူ့ကိုယ်သူ အလှပြင်ဘို့လောက်ဘဲ ဂရုစိုက်နေတာဘဲ။
သူဟာ ဆွေကြီးမျိုးကြီးထဲက လူတယောက်နဲ့ အကြောင်းပါပြီး သားကလေးတယောက် ရတော့ ယောက်ျားဆုံးရှာတယ်။ ယောက်ျား မရှိတဲ့နောက် သားလေးကိုဘဲ ချစ်ရတာဘဲ။ တော်တော်လဲ အလိုလိုက်ပြီး အထက်တန်းကျကျ မွေးမြူလာသတဲ့။
တနေ့တခြား အသက်ရွယ် ကြီးရင့်လာတော့ သူ့ရုပ်ရည်လဲ ငယ်ငယ်တုန်းကနဲ့တော့ ဘယ်တူတော့မလဲဗျာ၊ တဖြေးဖြေးတော့ ဖောက်ပြန်လာတော့တာပေါ့။ ငယ်ငယ်ကလို မဟုတ်တဲ့အကြောင်း မှန်ကြည့်တိုင်း သိရတော့ အတော် စိတ်ဒုက္ခရောက်ရှာသတဲ့။ သူ့အလှပျက်သွားမှာ သိပ်ကြောက်ရှာတာကိုး။ လောကမှာ သူ့အတွက် အရေးကြီးဆုံးက သူလှဘို့ဘဲတဲ့။
သူ ၃၅-နှစ် အရွယ်ကျတော့ ၁၅-နှစ်ရွယ် ရှိတဲ့ သူ့သားလေး အပူတပြင်း ဖျားပါရော့။ အိပ်ရာထဲ လဲနေပေမဲ့ ရောဂါကို ချက်ချင်း အမည် မမှည့်နိုင်ကြဘူး။ ဒီကလေး ငယ်ငယ်ကထဲက ထိမ်းသိမ်းလာတဲ့ ဒေါ်လှရင်ရဲ့ညီမ ဒေါ်လှခင်ဆိုတဲ့ အပျိုကြီးတယောက်ဘဲ အနားက မခွါဘဲ ပြုစုရှာတယ်။ အမေလုပ်တဲ့သူကတော့ တနေ့နှစ်ခေါက်ဘဲ သားအခန်းထဲ ဝင်သတဲ့။ မနက်စောစော တခါ၊ ညနေစောင်းတခါ သားအခန်းကို ဝင်လေ့ရှိတယ်။ မနက်ဆိုယင် အိပ်ရာထ၊ မျက်နှာသစ် အဝတ်အစားလဲ ဖီးလိမ်းပြီး ဝင်လာတာဘဲ။
'သားရေ… ဘယ့်နဲ့နေသေးသလဲ' လို့ မေးလိုက်ယင် `သက်သာပါတယ် မေမေ' လို့ အပူတပြင်း ဖျားနေတဲ့ သားက ဖြေရှာတယ်။
ဒေါ်လှရင်လဲ အခန်းတွင်းမှာ ခဏနေပြီး ဆေးပုလင်းတွေကို မြင်လိုက်ယင်ဘဲ `ဟင် အရေးကြီးကိစ္စ ရှိသေးလို့' ဆိုပြီး ထွက်သွားလိုက်တာ သူ့ကိုယ်က မွှေးကြိုင်တဲ့ အနံ့တွေဘဲ ကျန်ခဲ့တော့တာဘဲတဲ့။ ညနေစောင်း ကျတော့လဲ ခေတ်ဆန်ဆန် ဝတ်စားပြီး သားအခန်းထဲ ဝင်တဲ့အခါ `ဘယ့်နဲ့လဲ… ဆရာဝန်က ဘာပြောသလဲ' လောက်ပဲ မေးဘို့ အချိန်ရရှာတယ်။ `ဆရာဝန်ကတော့ ဘာရောဂါရယ်လို့ကို မပြောဓသဘူးမမ' လို့ ဒေါ်လှခင်က ဖြေတဲ့အခါ သက်ပြင်းချပြီး ပြန်ထွက်သွားတာဘဲ။
တနေ့ကျတော့ သူ့အမကို ဒေါ်လှခင်က `ဆရာဝန်က ကျောက်ပေါက်တာတဲ့' လို့ ပြောလိုက်ပါရော။ အခန်းထဲက အော်ပြီး ထွက်ပြေးတာဘဲ။
နောက်တနေ့မနက် သူ့အခန်းကို အစေခံမိန်းမ ဝင်ကြည့်တော့ အမွှေးတိုင်တွေ ထွန်းထားတာ တွေ့ရတယ်။ မျက်နှာ ဖြူဖတ်ဖြူရော်နဲ့ မျက်လုံးပြူးပြီး ကြောက်နေတဲ့ ဒေါ်လှရင်လဲ အိပ်ရာထဲမှာ လူးလှိမ့်နေသတဲ့။ ခြင်ထောင်ကိုလဲ မ,တင်လိုက်ရော `ငါ့သား ဘယ့်နှယ့်နေသလဲ' လို့ ဆီးမေးတော့ `ဒီနေ့ မသက်သာဘူးမမ' လို့ ဖြေလိုက် ဆိုဘဲ။
ဒေါ်လှရင်လဲ နေ့လယ် ၁၁- နာရီအထိ အိပ်ရာထဲက မထတော့ဘူး။ လူမမာကြီးလိုဘဲ အစာစားသတဲ့။ ညနေစောင်းတော့ ဆရာဝန်တဦးဆီ သွားပြီး ကျောက်မပေါက်အောင် ဘယ်လိုကာကွယ်ရမယ် ဆိုတာ တိုင်ပင်သတဲ့။ ညနေ ထမင်းစားချိန်လောက်မှ ဆေးပုလင်းတွေ တပွေ့တပိုက်ကြီးနဲ့ ပြန်လာတယ်။ အိမ်လဲရောက်ရော အခန်းတံခါးပိတ်ပြီး သူ့တကိုယ်လုံး ရောဂါမကူးစက်နိုင်တဲ့ ဆေးတွေ လိမ်းတော့တာပါဘဲ။ ဒေါ်လှခင်လဲ သူ့အစ်မကို တွေ့ချင်လို့ ထမင်းစားခန်းက အတော်ကြာ စောင့်နေရတယ်။ ဒေါ်လှရင်ဟာ သူ့ညီမကို မြင်တော့ `ဘယ့်နှယ့် နေသေးသလဲ' လို့ အရေးတကြီး စိဘ်အားထက်သန်စွာနဲ့ မေးလိုက်တယ်။
`မသက်သာဘူး မမ။ ဆရာဝန်လဲ ပြာနေပြီ' လို့လဲ ပြောလိုက်ရော ဒေါ်လှရင်ဟာ ရှိုက်ကြီးတငင် ငိုတော့တာဘဲ၊ ထမင်းလဲ မစားတော့ဘူးတဲ့။
နောက်တနေ့ သူ့သားအကြောင်း မေးတော့ မသက်သာတဲ့အကြာင်းကိုဘဲ ကြားရပြန်တယ်။ သူလဲ အခန်းထဲက မထွတ်တော့ဘူး။ အခန်းထဲမှာလဲ ရောဂါမကူးစက်နိုင်အောင် ဆိုပြီး အမွှေးအကြိုင်တွေ မီးရှို့ထားလိုက်တာ တခန်းလုံးကို အခိုးတွေနဲ့ ပြည့်နေတာဘဲတဲ့။
သည်လိုနဲ့ တနင်္ဂနွေတပတ် ကုန်သွားပါရော။ နေ့လည်လောက်မှာတော့ လေကောင်းလေသန့် ရအောင်ဆိုပြီး အခန်းပြင်ဘက် ခဏထွက်တယ်။ သူ့သားအကြောင်းကိုတော့ ခဏခဏ မေးတာဘဲ။ မသက်သာဘူးလို့ ကြားတိုင်းလဲ ငိုရှာတယ်။
ဆယ့်တရက်နေ့ မနက်ကျတော့ သူ့ညီမ ဒေါ်လှခင်ဟာ မျက်နှာထားပျက်ပျက်နဲ့ သူ့အခန်းထဲ ဝင်လာပြီး ကုလားထိုင်ပေါ်မှာတောင် မထိုင်တော့ဘဲ `မမသားဟာ တော်တော်ကို ဆိုးနေဘီ။ ပြီးတော့ ကလေးက မမကို တွေ့ချင်သတဲ့' လို့ ခပ်မာမာ ပြောသတဲ့။
ဒေါ်လှရင်ဟာ တခါထဲ ဒူးထောက်ပီး `အလို ဘုရား ဘုရား…၊ မမ မကြည့်ဘူး ညီမရဲ့။ မသွားရဲဘူးကွဲ့' လို့ ပြောရင်း ငိုတော့တာဘဲ။
`ဆရာဝန်လဲ လက်လွှတ်ပြီ။ မမသားဟာ မမကိုဘဲ စောင့်နေတယ်' လို့ ပြောပြီး ဒေါ်လှခင်လဲ မကျေမနပ်နဲ့ အခန်းတွင်းက ထွက်သွားသတဲ့။
၂-နာရီလောက် ကြာတော့ လူမမာဟာလဲ သူ့ကိုယ်သူ သေရတော့မယ်ဆိုတာ သိတယ်။ သူ့အမေကိုလဲ ခဏခဏ မေးရှာတယ်။ ဒေါ်လှခင် နောက်တခေါက် သွားပြန်ခေါ်တော့လဲ ငိုပြီးတော့ `မလိုက်ပါရစေနဲ့' လို့သာ တောင်းပန်နေသတဲ့။
ဒေါ်လှခင်က သူ့အစ်မကို အမျိုးမျိုး ချော့ခေါ်တယ်။ အမျိုးမျိုးလဲ အားပေးရှာတယ်။ ဘယ်လိုပြောလို့မှ မရဘူး။ ဒီလိုလုပ်တဲ့အတွက် ဘာဖြစ်လာသလဲ ဆိုတော့ ဒေါ်လှရင်ဟာ တုန်တုန်ရီရီနဲ့ ကယောင်ချောက်ချား ဖြစ်နေတယ်။
ညနေစောင်း ဆရာဝန်လာတဲ့အခါကျတော့ သူကြောက်လို့ မလာရဲတဲ့အကြောင်း ဒေါ်လှခင်က ပြောပြတော့ တနည်းနည်းနဲ့ရအောင် ခေါ်မှဘဲလို့ ပြောသတဲ့။ ဒါနဲ့ ဆရာ့ဝန်လဲ ချော့ချည် တခါ၊ အားပေးချည် တလှဲ့နဲ့ အမျိုးမျိုး ဖျောင်းဖျပြီး ပြောလို့ မရတော့ ခါးကကိုင်ပြီး အတင်းဆွဲခေါ်ပါလေရာ။ သို့ပေမဲ့ ဒေါ်လှရင်ဟာ တံခါးဘောင်ကို အားရှိသလောက် အတင်း ကန်ဆွဲထားလိုက်တာ လွှတ်ကိုမလွှတ်တော့ဘူးတဲ့ဗျို့။ ဒါနဲ့ ဆရာ့ဝန်လဲ လက်လျှော့လိုက်ရတယ်။ ဆရာဝန်လက်ကလဲ လွတ်ရော ဆရာဝန့်ခြေ ဖက်ပြီး `ဆရာရဲ့ ... ကျမကို ခွင့်လွှတ်ပါ ဆရာရဲ့။ ကျမ ကြောက်လွန်းလို့ပါ။ ကျမသားလေးကို ကျမ ချစ်ပါတယ်နော်၊ ကျမသားလေး မသေအောင် ကုပေးပါဆရာရဲ့' လို့ ပြောပြီး ငိုတော့တာပါဘဲ။
ဒီအချိန်မှာ သားကလေးကလဲ ရောဂါဝေဒနာကို မချိမဆန့် ခံစားနေရရှာတယ်။ သို့ပေမဲ့ သတိတော့ တော်တော်ကောင်းတဲ့ ကလေးဗျို့။ သတ္တိလဲရှိတယ်။ သူမသေခင် သူ့အမေကို ကန်တော့သွားချင်သတဲ့။ တော်တော်လဲ လိမ္မာတဲ့ ကလေးပါ။ ပြီးတော့ သူ့အမေ သူ့အခန်းထဲ မလာတော့ သူ့အမေအကြောင်း သူကောင်းကောင်း ရိပ်မိတယ်ဗျ။
'မေမေ ကျွန်တော့်အခန်းထဲ ဝင်ရမှာ ကြောက်ယင်လဲ ဒီပြူတင်းပေါက်နဲ့တဲ့တဲ့ ဆင်ဝင်ပေါ်မယ် လာရပ်ပါစေဗျာ။ မေမေ့မျက်နှာကို ကြည့်ပြီး ကန်တော့သွားပါရစေ' တဲ့ဗျာ၊ သနားစရာ ပြောရှာတယ်။
ဆရာဝန်နဲ့ ဒေါ်လှခင်လဲ ဒေါ်လှရင်ဆီသွားပြီး ဆင်ဝင်ပေါ်က နေပြီး ပြူတင်းပေါက်တဲ့တဲ့ သူ့သား မြင်လောက်အောင် လာရပ်ဘို့အကြောင်း၊ ပြီးတော့ ပြူတင်းကလဲ မှန်တံခါး ပိတ်ထားမှာမို့ ဘယ်နည်းနဲ့မှ ရောဂါ မကူးစက်နိုင်တဲ့အကြောင်း ပြောတော့မှ လာပါမယ်လို့ သဘောတူတယ်။
သူ့ခေါင်းမှာ ပိုးလက်ကိုင်ပုဝါကြီးစီး၊ လက်ထဲက အော်ဒီကလုံး ရေမွှေးပုလင်းကြီး ကိုင်ပြီး သုံးလှမ်းဘဲ လှမ်းရသေးတယ် သူ့မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီးတော့ `အမယ်လေး ကျမ သူ့ကို မကြည့်ရဲဘူး၊ မကြည့်ဝံ့လို့ပါရှင်။ မကြည့်ပါရစေနဲ့၊ ကျမကို ချမ်းသာပေးကြပါ' လို့ အော်ရင်း ငိုလိုက်တာ လမ်းကလူတွေကတောင် မော်ကြည့်နေကြတယ်။
ဆရာဝန်နဲ့ ဒေါ်လှခင်က အတင်းဆွဲခေါ်ပေမဲ့ သူက ဝရံတာကို လက်နဲ့ ကန်ဆွဲထားလိုက်တာ ခွါလို့ကို မရတော့ဘူး။ ဒေါ်လှခင်နဲ့ ဆရာဝန်လဲ စိတ်ဆိုးဆိုးနဲ့ လက်လျှော့လိုက်ကြတယ်။
သူ့သားလေးကလဲ သူအင်မတန် ချစ်ခင်၊ အင်မတန် ရိုသေတဲ့ မိခင်မျက်နှာကိုကြည့်ပီး မကန်တော့ရဘဲ မသေချင်သေးသလို သူ့အမေမျက်နှာ လာပြမဲ့ မှန်တံခါးကိုဘဲ စိုက်ကြည့်ရင်းကြည့်ရင်းနဲ့ ညနေစောင်းအောင် စောင့်နေရှာတယ်။
မိုးချုပ်လာတော့ ပြူတင်းပေါက်ကို မကြည့်တော့ဘဲ တဖက်မှာရှိတဲ့ နံရံဘက်ကို လွှဲသွားပြီးတဲ့နောက် စကားလဲ တလုံးမှ မပြောဘူး။ အရုဏ်တက်လောက်ကျမှ အသက်ထွက်သွားရှာတယ်။
ဒေါ်လှရင်လဲ နောက်တနေ့ကျတော့ စိတ်ဖေါက်ပြန်သွားတာပါဘဲ။
-------------------------
မန်းတင်

Share by U Ko Ko Htwe



 

Comments

Popular posts from this blog