"ဝါးတလုံးနှင့် လူဆယ်ယောက်"

~~~~~~~~~~~~~~~~~~
ရှေးလွန်လေပြီးသောအခါ မြန်တိုင်းဗာမာဏသီပြည်တွင်
အဘိုးအိုတဦးသည် သားတကျိပ်နှင့်အတူ ရွာသာယာ၌ နေထိုင်၏။ သူ၏ သားများကား မောင်ရွှေရိုး၊ မောင်ညစ်၊ မောင်ပုပ်၊ မောင်ကတ်၊ မောင်ကျယ်၊ မောင်လည်၊ မောင်ကောက်၊ မောင်ပျင်း၊ မောင်ဖျင်း၊ မောင်သစ္စာ ဟူ၍တွင်၏။
သားအထွေး ပြေးလွှားတတ်သောအရွယ်တွင် အဘိုးအို၏ မယားသည် ကွယ်လွန်၏။အဘိုးအိုလည်း သားတကျိပ်ကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေနိုင်လေအောင် ကျွေးမွေးသုတ်သင်သည်။ ဤသို့လျှင် သားတို့သည် လူလားမြောက်လာကြသော ဟူ၏။ သားအကြီးကား မောင်ပဉ္စင်း အရွယ်ရှိသည်။ သားထွေးကား ကိုရင်၀တ်လျှင် သင်္ကန်းနိုင်သောအရွယ် ရောက်လေပြီ။.
အဘိုးအိုသည် နောင်ရေးကို မျှော်တွေးထောက်ရှု၍ ပစ္စည်းဥစ္စာတို့ကို ကြိုတင်သိုမှီးပြီးလျှင် သားတကျိပ်တွက် ပဗ္ဗဇိတမင်္ဂလာကို အထိုက်အလျောက် ဆင်ယင်ကျင်းပနိုင်ရန် ပြင်ဆင်လေသည်။ အဘိုးအို၏ သဘာ၀ကား အဖတို့၌ ရှိသော ချစ်ခြင်းမေတ္တာဖြင့် ၀တ်ကြီး၀တ်ငယ်မှန်သမျှကို သားတို့မပင်ပန်းရလေအောင် မိမိကချည်း ထမ်းဆောင်သော သဘာဝဖြစ်သည်။ သို့သော် ယခုအခါ မိမိသည် အသက်အရွယ် ကြီးရင့်ပြီဖြစ်၍ မိမိကိုယ်တိုင် အရာရာကို ထမ်းဆောင်ခြင်း မပြုနိုင်သောကြောင့် သားတို့ကို တောက်တိုမယ်ရကိစ္စတို့၌ စေခိုင်းရလေသည်။
တနေ့သောအခါ သားတို့၏ ရှင်ပြုရဟန်းခံအလှူအတွက် ရွာသာယာ၌ မဏ္ဍပ်ထိုးရန်ကိစ္စ ပေါ်ပေါက်လာသည်။ ထိုအခါ အဘိုးအိုသည် သားတကျိပ်ကို အပါးသို့ခေါ်၍ ဤသို့ဆို၏။
“အမောင်တို့ သင်တို့သည် ဝါးရုံတောသို့သွား၍ ဝါးပိုးဝါးကို ခုတ်ကြလော့၊ ဝါးပိုးဝါးကိုရလျှင် ညီအစ်ကို တကျိပ် စုပေါင်း ထမ်းရွက်၍ ရွာသို့အရောက် သယ်ဆောင်ခဲ့ပါလော့၊ သားတို့ကို သက်တောင့်သက်သာရှိစေရန် ဝါးလုံးကို ဆယ်ယောက်မျှ၍ ထမ်းကြကုန်၊ သားကြီးက ရှေ့ကထမ်း၍ ဦးဆောင်လေ၊ သားထွေးကမူ နောက်ဆုံးမှာ နေရာယူ၍ လမ်းဖြောင့်အောင် ထိန်းမတ်ပေးလေ၊ ကျန်သားရှစ်ဦးတို့ကား ကြီးစဉ်ငယ်လိုက်နေရာယူပြီးလျှင် ၀န်ထုပ်၀န်ပိုးအပန်းမကြီး စေခြင်းငှာ ညီညာဖျဖျ အလယ်မှလိုက်၍ ထိုက်ရွက်ကြစေ”
သားတကျိပ်လည်း ဖခင်စေလိုက်သည့်အတိုင်း ဝါးရူံတောသို့ ခရီးထွက်ကြ၏။ သားကြီးမောင်ရွှေရိုးသည် အလုပ် ကို ရိုးသားစွာ လုပ်ကိုင်တတ်ဘိသကဲ့သို့ သားထွေးမောင်သစ္စာကလည်း လူငယ်ပီပီ သစ္စာရှိရှိနှင့် ဖျတ်ဖျတ်လတ်လတ် ဆောင်ရွက်တတ်၏။ ကျန်သားရှစ်ယောက်ကား အလုပ်ရှိလျှင် ညစ်ပုပ်ကပ်ကျယ်၊ လူလည်လုပ်၍ ကောက်ကျစ်ငြူစူ၊ အပြင်းထူသည့်အပြင် အဖျင်းလည်းနိုင်လှ၏။ ဤသဘာ၀ကို ဆင်ခြင်မိသော် အဘိုးအိုသည် လုပ်ငန်းတာ၀န်တို့ကို အထက်ပါအတိုင်း အသေးစိတ်ညွှန်ကြားခဲ့ရ၏။
ဝါးပိုးဝါးကို ခုတ်ကြသောအခါ သားအကြီးနှင့် သားထွေးတို့သည် အဖေမှာသည့်အတိုင်း ဝီရိယဖြင့် ဖြောင့်ဖြောင့် မတ်မတ် မခိုမကပ်လုပ်ကိုင်ကြ၏။ ကျန်သားရှစ်ယောက်မူကား မိမိတို့၏ ၀သီအတိုင်း ဆင်ခြေအမျိုးမျိုးပေးကာ ညစ်ပုပ် ကတ်ကျယ်ပြု၏။ ကွေ့ကွေ့ကောက်ကောက်နှင့်အလုပ်ကို ဖြောင့်ဖြောင့်မလုပ်။ အပျင်းထူသူကထူ၍ ညံ့ဖျင်းသူက ညံ့ဖျင်း၏။ သို့သော် သားကြီးနှင့်သားထွေးတို့၏ လုံ့လကြောင့် ဝါးခုတ်သောလုပ်ငန်းသည် အချိန်မီပြီးမြောက်လေသည်။
ထိုအခါ အဖေမှာသည့်အတိုင်း သားတကျိပ်သည် ဝါးပိုးဝါးကိုထမ်း၍ ရွာသို့ ပြန်လာလေသည်။ ဝါးရုံတောသို့ သွားရာလမ်းကား တောအထပ်ထပ် တောင်အထပ်ထပ်နှင့် လျှိုမြောင်ချောက်ကမ်းပါး ဖြစ်၏။ ခလုတ်ကန်သင်းတို့လည်း ပေါများ၏။ ထို့ကြောင့် အပြန်ခရီးတွင် သားကြီးသည် သတိကြီးစွာဖြင့် ဦးဆောင်ရသည်။ သားထွေးလည်း အစ်ကိုကြီး၏ ရှေ့ဆောင်လမ်းပြမှုကို တသဝေမတိမ်း ခံယူ၍ ဝါးပိုးဝါးကြီးကို ခရီးလမ်းဖြောင့်အောင် ထိန်းပေးသည်။
ကျန်ညီအစ်ကို ရှစ်ယောက်တို့ကား တဦးက အရှေ့ဟုဆိုလျှင် တဦးက အနောက်သို့ရောက်အောင်၊ တဦးက တောင်ဟုဆိုလျှင် တဦးက မြောက်သို့ရောက်အောင် ရှေးတိုးနောက်ငင် ဘယ်တိမ်းညာရွှေ့ ပြုလုပ်ကြ၏။ စိတ်စေတနာ မဖြူစင်သော မောင်ညစ်သည် ဝါးပိုးဝါးကို မထမ်းဘဲ တွယ်၍ လိုက်လေရာ တခုသော ချောက်ကမ်းပါးသို့ ရောက်သောအခါ ဝါးပိုးဝါး လက်မှလွတ်၍ ချောက်ထဲသို့ ဒလိမ့်ခေါက်ကွေး ကျလေသည်။ မနောဆိုးသည် မောင်ပုပ်ကား မောင်ညစ်လိမ့်ကျ သည်ကို အားရ၀မ်းသာဖြစ်၍ ဝါးလုံးပေါ်ခွ၍ စီးရန် ခုန်တက်၏။ ထိုအခါ အားလွန်၍ မောင်ညစ်နောက်သို့ လိုက်ရလေသတည်း။
ကတ်ပိုးကတ်ဖဲ့လုပ်တတ်သော မောင်ကတ်သည် သူ့၀န်က ပေါ့သည် ငါ့၀န်က လေးသည်ဟုတွက်ကတ်ရင်း ဝါးပိုး ဝါးကို လက်နှင့်မျှပင် မတို့ဘဲ နမော်နမဲ့နှင့် လိုက်ပါလာခဲ့ရာ အခြားသော ချောက်သို့ရောက်သော် ခလုတ်တိုက်၍ လဲပြီးလျှင် ချောက်ထဲ ကျပြန်သည်။ အော်ကျယ်အော်ကျယ်နှင့် တလမ်းလုံး သြဇာပေး လာသော မောင်ကျယ်ကား မောင်ကတ်ကို တိုက်မိသောကြောင့် မောင်ကတ်သွားရာ လမ်းသို့ လိုက်ပြန်သည်။ မောင်လည်ကား တလမ်းလုံး လူလည်လုပ်၍ လိမ်ဖယ် လိမ်ဖယ်နှင့် လျှောက်လာခဲ့ရာ အခြားနေရာသို့ ရောက်သော် ချောက်ထဲသို့ ချော်၍လဲပြန်သည်။ မောင်ကောက်မှာမူ သူတပါးကို မည်ကဲ့သို့ အကောက်ကြံရမည်နည်းဟု စိတ်ကူး၍ အပျင်းဆန့်နေသူ မောင်ပျင်းကို နောက်ပေါက် ပေါက် လိုက်ရာ နှစ်ဦးစလုံး ချောက်ထဲ လိမ့်ကျကြလေသတည်း။ အလိုက်မသိသော မောင်ဖျင်းက သူ့အစ်ကို လိမ့်ကျသည်ကို လှမ်း၍ ဆွဲလိုက်သောအခါ သူလည်း ချောက်ထဲသို့ အဆစ်ပါ၍ သွားလေသည်။
မောင်ရွှေရိုးနှင့် မောင်သစ္စာတို့သည် ဝါးပိုးဝါးပါ ချောက်ထဲမကျရလေအောင် သတိနှင့်သွားနေကြရသည်နှင့် ညီအစ်ကို ရှစ်ဦး ချောက်ထဲကျသည်ကို မည်သို့မျှ မကယ်နိုင်ချေ။ မိမိတို့၏လမ်းကို မိမိတို့မှန်မှန်သွားရင်း၊ အချိန်တန်သော် အိမ်ပြန်ရောက်လေသတည်း။
အိမ်သို့ရောက်သောအခါ သားကြီးနှင့်သားထွေးတို့က အဖအား ဖြစ်သမျှအကြောင်းကို ပြောပြပြီးလျှင်..
“အဖေရယ် သူတို့အတွက် မပူပါနဲ့.. သူတို့ဟာ တောကျွမ်းသူတွေ ဖြစ်လို့ ရွာလမ်းကိုရှာပြီး အိမ်အရောက် ပြန်လာနိုင်လိမ့်မယ်..သူတို့မပါဘဲ ကျွန်တော်တို့နှစ်ယောက်ထဲ အလုပ်လုပ်ရတာ အနှောက်အယှက်မရှိလို့ အလုပ် တွင်ကျယ်ပါတယ် အဖေရဲ့” ဟု ဆို၍ နှစ်သိမ့်စေ၏။
အဘိုးအိုလည်း သားတို့၏ဖြစ်အင်ကြောင့် အလှူလုပ်ဖို့ကိစ္စ နှောင့်နှေးမည်ကို စိုးရိမ်ပူပန်မိသည်။ သို့သော် သားကြီးနှင့် သားထွေးတို့က ကိစ္စပြီးမြောက်အောင် ဆောင်ရွက်ပါမည်ဟု ဆို၍ အလှူမဏ္ဍပ်ကို ထိုးလေ၏။
အလှူမဏ္ဍပ်ကြီး ပြီးမြောက်သောအခါ အဘိုးအိုသည် သားရှစ်ယောက်ကို မျှော်လေသည်။ ကံကောင်းထောက်မ၍ အဘိုးအို မျှော်သည့်အတိုင်း သားရှစ်ယောက်တို့သည် မဏ္ဍပ်အတွင်းသို့ အစီအရီ ၀င်လာကြလေသည်။
၀င်လာသူတို့သည် မောကြီးပန်းကြီးနှင့်မို့ ရုတ်တရက်စကားမပြောနိုင်ကြချေ။ အားလုံးမှာ ညစ်ပတ်ပေရေ၍ အ၀တ်အထည် စုတ်စုတ်ပြတ်ပြတ်နှင့် မြင်မကောင်းရှုမကောင်း ရှိကြသည်။ အဘိုးအိုကား မိဘတို့၏ ချစ်ခြင်းမေတ္တာဖြင့် မဏ္ဍပ်အတွင်း ၀င်လာသော သားတို့ကို ဖက်လှဲတကင်းကြိုဆိုပြီးသောအခါ သားတို့ဖြစ်ရပုံအကြောင်းစုံကို မေးမြန်းလေ၏။
ထိုအခါ မောင်ညစ်က ရှေးဦးစွာ ပြောပြလေသည်။
“မပြောပါနဲ့တော့ အဖေရာ.. ကျွန်တော် ချောက်ထဲကျပေမယ့် မနာပါဘူး.. ရှေ့မှာက ရွာကလေးတရွာတွေ့လို့ ၀င်ပြီး အကူအညီတောင်းပါတယ်.. ကျွန်တော့်ကို အကူအညီပေးမယ်ပြောပြီး ရွာထဲမှ ထွက်ခွင့်မပေးဘဲ ညစ်ထားကြတာ ကျွန်တော့်မှာပါတဲ့ ပိုက်ဆံလည်း ကုန်တော့မှ ကျွန်တော့်ကို ရွာထဲက နှင်ထုတ်ကြတယ် အဲဒါနဲ့ ကျွန်တော် ခြေကျင် လျှောက်ပြီး ရွာသာယာကို အရောက်ပြန်ခဲ့ရတယ်”
ထို့နောက် မောင်ပုပ်က ဤသို့ အစီရင်ခံလေသည်။
“အဖေရယ် ကျွန်တော်ရောက်တဲ့ရွာမှာ လူတွေဟာ ဘယ်လောက် သဘောပုပ်ပြီး မနော်ဆိုးသလဲဆိုရင် ညီအစ်ကို အရင်းကိုတောင်မှ မလိုတမာနဲ့ အကောင်းမပြောကြဘူး..တယောက်ကောင်းစားတာကို မြင်ရင် တယောက်က မကောင်း ကြံ တော့တာပဲ.. ကျွန်တော် အင်္ကျီကောင်းကောင်းကို ၀တ်လာတာမြင်တော့ ကျွန်တော့်ကို မနာလိုလို့ အင်္ကျီကို ဆွဲလုကြ တာ အင်္ကျီသာပြဲရော သူတို့လည်းမရ ကျွန်တော်လည်း ကျောပြောင်သွားတာပဲ”
”ကျွန်တော် တွေ့တဲ့ရွာသားတွေကတော့ လူကတ်ချည်းပဲဗျာ” ဟု မောင်ကတ်က စကားပလ္လင်ခံ၍ ပြောပြန်သည်။
“ကတ်တာမှ စကားပြောလည်းကတ်တယ်..အလုပ်လုပ်လည်း ကတ်တယ်..ကျွန်တော့်ကို ရွာလိုက်ပို့ဖို့ ပြောတဲ့အခါ ဘယ်ကို လိုက်ပို့ရမလဲ..ဘာကြောင့်လိုက်ပို့ရမလဲ၊ ဘယ်တော့လိုက်ပို့ရမလဲပြောပြီး အချင်းချင်း တွက်ကတ်နေလိုက်ကြတာ တနေ့လည်းမပို့၊ နှစ်နေ့လည်း မပို့၊ ကြာရင် သူတို့ ကျွန်တော့်ပိုက်ဆံ ကပ်ကပ်ပြီးချေးနေလို့ ပိုက်ဆံကုန်ရင် ခရီးစရိတ် ရှိတော့မှာ မဟုတ်ဘူးဆိုပြီး ကျွန်တော်လည်း ခြေကျင်လျှောက်လာရတာပါပဲ”
ထိုအခါ မောင်ကျယ်က..
“ငါတွေ့တဲ့ ရွာသားတွေကတော့ လူကျယ်ချည်းပဲကွ မောင်ကတ်ရ..၊ အဖေရယ်.. လူတွင်ကျယ်လုပ်တဲ့ နေရာမှာတော့ ဝိဇ္ဇာပါပဲ၊ ကျွန်တော့်ကို လမ်းပြပါလို့ပြောတော့ အာကျယ်ပါကျယ်နဲ့ သြဇာပေးတဲ့ လူတွေသာ ထွက်လာပြီး ကျွန်တော့်ကို လမ်းပြမယ့်လူကတော့ တယောက်မှမရှိဘူးခင်ဗျာ့” ဟု ပြောလေ၏။
“အာကျယ်တာက ခံသာပါတယ် အစ်ကိုရာ၊ လူလည်လုပ်တာကတော့ ခံပြင်းလှတယ်” ဟု မောင်လည်က ပြောပြန်သည်။
“ရွာပြန်ဖို့ လမ်းပြပါလို့ ကျွန်တော်က တောင်းပန်တော့ သူတို့က ကျွန်တော့်ကို လူလည်လုပ်ပြီး အရှေ့က သွားရမှာကို အနောက်ကလှည့်သွားရင် မြန်မြန်ရောက်တယ်လို့ ပြောကြတယ်..သူတို့ ဒီလိုလူလည်လုပ်လာတာကို ကျွန်တော်ခံလိုက်ရလို့ ကိုယ့်ရွာကို စောစော ပြန်မရောက်နိုင်ဘူး အဖေရဲ့” ဟု ကတုံးပေါ် ထိပ်ကွက်ခြင်း ခံလိုက်ရတဲ့ မောင်လည်က ငိုကြီးချက်မနှင့် ပြောပြလေ၏။
ထိုအခါ မောင်ကောက်က
“ကျွန်တော်ရောက်ခဲ့တဲ့ရွာက လူတွေဟာ လူလိမ်လူကောက်တွေချည်းပဲ။ ကျွန်တော့်ကို နက်ဖြန်သဘက်နဲ့ အချိန်ဆွဲပြီးထားလိုက်တာ အတန်ကြာမှ ကျွန်တော့်ကို အကောက်ကြံနေမှန်းသိတယ်.. ဒီတော့မှ ကျွန်တော်လည်း တိတ်တိတ်ထွက်ခွာလာခဲ့ရတယ်” ဟု လိမ်တတ်သူ အညာမိရသည်ကို မခံချင်သော စိတ်ဖြင့် ပြောလေ၏။
ဤသို့လျှင် မောင်ပျင်းက သူ့ထက်ပျင်းသော ရွာသားတို့နှင့် တွေ့ခဲ့ရကြောင်း၊ မောင်ဖျင်းကလည်း လူဖျင်းများ အကြားတွင် သူသည် လူတော်လူကောင်း ဖြစ်ခဲ့ရသော်လည်း လမ်းမပြတတ်သူ အဖျင်းသမားတို့ကြောင့် ရွာအပြန်မှာ ယောင်လည်လည် ဖြစ်ခဲ့ရကြောင်း အစရှိသည်ဖြင့် အဖေအိုကြီးအား တိုင်တန်းပြောဆိုကြလေသည်။
အဘိုးအိုသည်လည်း သားတို့တိုင်တန်းပြောဆိုကြသော စကားကို ကြားနာပြီးသော် သားတို့ကို မိမိအပါး တွင် ကြီးစဉ်ငယ်လိုက် ဝိုင်း၍ ထိုင်စေပြီးနောက် အောက်ပါအတိုင်း ဆိုဆုံးမလေ၏။
“ငါ၏ သားတို့ ယခုအခါ သင်တို့သည် လူ့အကြောင်း၊ လောကအကြောင်းကို သိလောက်ပြီ။ ဤ ရွာသာယာ၌ သားတို့သည် မိဘ၏ အရိပ်အာဝါသကို မှီခို၍ မပင်မပန်းအေးချမ်းစွာ နေထိုင်ခဲ့ကြ၏။ မိမိတို့ ကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ရခြင်း မရှိဘဲ သက်‌တောင့် သက်သာ နေထိုင်ရသော ဘ၀တွင် ကံ၊ ဉာဏ် ဝီရိယ ဟူသော တရားသုံးပါးကိုမသိ၊ မိမိကိုယ်ကို မိမိ လူပါးလူနပ် လူလိမ္မာကဲ့သို့ အောက်မေ့၍ အချင်းချင်း စေတနာ မေတ္တာမထားကြမူ၍ ပလွှားကာ နေထိုင်ခဲ့ကြ၏။ မိမိနေထိုင်ရာ ပတ်၀န်းကျင်ကိုသာ မြင်ဖူးသောကြောင့်၊ သူတပါးတို့ နေထိုင်စားသောက် ကြသော အမူအကျင့် အမျိုးမျိုးတို့ကို နားမလည်ကြ။ မိဘအားကိုးနှင့် လူပေါ်ကြော့ ပြုလုပ်နေကြသည့် အကြောင်းကြောင့် သူတပါးက ညစ်ပုပ်ကတ်ကျယ် လူလည်လုပ်၍ အကောက်ကြံသမျှကို အမောင်တို့ ခံကြရသည်။ အပျင်းထူသောကြောင့် ဖျင်းအသော ဘ၀၌သာ နစ်မွန်းကြဖို့ ရှိသည်။
သူတပါးရပ်ရွာတွင် လုံ့လဝီရိယကို အရင်းတည်၍ ညီညွတ်
သင့်တင့်စွာ ပေါင်းသင်းဆက်ဆံပြီးလျှင် မိမိအကျိုး သူတပါးအကျိုးကို ဆောင်ရွက်တတ်သော ကောင်းမြတ်သည့် စရိုက်တို့ကိုလည်း အမောင်တို့ ဘာမျှ မသိကြချေ။ လောက၌ သူ့ဖို့ ကိုယ့်ဖို့ဟူ၍ ဖို့နှစ်ဖို့ စိတ်ထားဖြင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း သည်သာလျှင် ကြီးပွားတိုးတက်ခြင်း၏ အကြောင်းဖြစ်သည်။ မဖြူမစင်သော စိတ်သဘောထားနှင့် သူကောင်းစားလျှင် ငါမနာလိုဟူသော သဘောဖြင့် ခိုကပ်၊ ပျင်းရိ၊ မသိ၊ အဖျင်း၊ အတွင်းကောက်ဉာဏ်၊ မမှန်ဝေ့လည်၊ စွာကျယ်သည်၏ အဖြစ်ကား တိုးတက်ရေးလမ်းစဉ်မဟုတ်။ ညီအစ်ကိုအချင်းချင်း သဘောကြီးကြီးထား၍ တစ်ဦးအကြောင်းရှိလျှင် တဦးက ကူညီပြီးလျှင် စုပေါင်းလုပ်ဆောင်မှသာ ကြီးပွားရေးလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မည်။ ထို့ကြောင့် ငါ့သားတို့သည် ယခု အဖေ့မှာစကားကို မြေ၀ယ်မကျ နားထောင်၍ အပြီးသတ်စရာ ကျန်နေသေးသော ပဉ္ဇင်းခံ ရှင်ပြူမဏ္ဍပ်ကို တင့်တယ်အောင် ဆောက်လုပ်ကြစေ။ ငါ့သားတို့ကို ရဟန်းအဖြစ်၊ ရှင်အဖြစ်ဖြင့် ငါဖူးလိုသည်။”
ဤစကားကိုကြားသောအခါ မောင်ရွှေရိုးမှအစ၊ မောင်သစ္စာအဆုံးရှိသော ညီအစ်ကိုတကျိပ်သည် ညီညာထကြွ၊ ဝီရိယဖြင့် မဏ္ဍပ်ကြီးကို ဆောက်လုပ်ရာ မိုးထိုးမတ်တတ် ဟိန်း၍နေလေသတည်း။ အဘိုးအို၏ သားတကျိပ် ရဟန်းခံရှင်ပြုပွဲသည်လည်း အုတ်အုတ်သည်းသည်းနှင့် စည်ကားသိုက်မြိုက်စွာ ပြီးစီးလေသော် ရွာသာယာရှိသူ အပေါင်းတို့သည် သောင်းသောင်းဖျဖျ သာဓုအနုမောဒနာ ပြုကြလေကုန်သတည်း။ ။
မြတ်လေး မဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၈၇ မှ
Share by U Ko Ko Htwe
No photo description available.
Tar Htoo, Moemoe Myint and 265 others
6 comments
377 shares
Like
Comment
Share

Comments

Popular posts from this blog