"အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုအပေါ် ရဲဘော်သုံးကျိပ်၀င် ဗိုလ်ကျော်ဇော၏ သုံးသပ်ချက်"

=================================
မေးခွန်းအမှတ်(၁)
မေး။ ။ ဗိုလ်ချုပ်အောင်ဆန်းကို အစစ်အမှန် သတ်သူဟာ ဘယ်သူလဲလို့ ခင်ဗျား ထင်မြင်ပါသလဲ။
ဖြေ။ ။ ဗိုလ်ချုပ်အောင်ဆန်းကို အစစ်အမှန် သတ်သူဟာ ဗြိတိသျှအစိုးရ ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ လုပ်ကြံမှုကြီး ဖြစ်ပါတယ်။
မေးခွန်းအမှတ် (၂)
မေး။ ။ သင် … ဘာကြောင့် ဒီလို ပြောသလဲ။
ဖြေ။ ။ ဘာကြောင့်လဲဆိုရင် …… သူ အသတ်ခံရတာမှာ အကြောင်းရင်း (၃)ခု ရှိတယ်လို့ ကျနော် ထင်မြင်ပါတယ်။
(က) ပထမတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်တပြည်လုံးကို စည်းလုံးညီညွတ်အောင်လုပ်နိုင်သူ ခေါင်းဆောင်ဖြစ်တယ်။ ထို့ကြောင့် သူတို့ဟာ မြန်မာပြည် တပြည်လုံး စည်းလုံး ညီညွတ်သွားမှာကို ကြောက်ကြတယ်။
ဒါဟာ အဓိက အကြောင်းရင်းဖြစ်ပါတယ်။
(ခ) ဒုတိယကတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြန်ပြီး စည်းလုံးညီညွတ် သွားနိုင်တယ်။ သူတို့ဟာ ဒီအချက်ကို ပူပန် စိုးရိမ်နေတယ်။
(ဂ) တတိယကတော့ သူတို့ဟာ ဗိုလ်ချုပ်အောင်ဆန်းကို ဖယ်ရှားနိုင်လိုက်ရင် ဗမာပြည်ကို လွယ်ကူစွာ ကိုင်တွယ်သွားနိုင်လိမ့်မယ်လို့ ယူဆကြလို့ ဘဲ။ ဒီအဖြေအတွက်တော့ အထောက်အထား အချက်အလက်များ ထင်မြင်ချက်များပေးရန်လိုတဲ့အတွက် အောက်ပါအတိုင်း အချက်တချို့ကို တင်ပြလိုက်ပါတယ်။
၁။ ပထမ အထောက်အထား
ဦးစောဟာ လက်နက်ကိုင် ရာဇဝတ်မှုကြီးတခုအတွက် လှုပ်ရှားနေတာတွေကို ဗြိတိသျှအစိုးရက ကြိုတင်သိရှိနေတယ်။ ဒီလှုပ်ရှားမှုဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို ဦးတည်တယ်ဆိုတာလည်း ၎င်းတို့ နားလည်နိုင်တယ်။ ဒီကိစ္စ ကျနော်မှတ်မိတာ (၂)ချက်လောက်ရှိတယ်။
ပထမ အစိုးရပုလိပ်အဖွဲ့က ဗိုလ်ချုပ်တို့ လုပ်ကြံမှုအရေးအခင်း မဖြစ်ခင်ကတည်းက ဦးစောရဲ့အိမ်ကို အိမ်နီးချင်းခြံတခြံအတွင်းက သစ်ပင်၊ ပန်းပင်တွေကြားက အမြဲစောင့်ကြည့်ဖို့ အလှည့်ကျ တာဝန်ချပြီး စောင့်ကြည့်ရတဲ့အထဲမှာ ကျနော့်ဆွေမျိုးနီးစပ်တော်သူ ပုလိပ်ကလေးမောင်မောင် (နောင် စစ်တပ်တွင် ကူးပြောင်းလာသူ)ဆိုတာက ကျွန်တော့်ကိုပြောပြဖူးတာရှိပါတယ်။ ဦးစောအိမ်နှင့် ခြံအတွင်း လှုပ်ရှားနေပုံတွေကို အခင်းမဖြစ်မီ တပတ်လောက်က သူ စောင့်ကြည့်တာဝန်ကျစဉ် သစ်ပင်တွေကြားက သူတို့အလှည့်ကျကြည့်ပြီး အထက်ကို အစီရင်ခံရဖူးကြောင်း၊ ဒီလိုစောင့်ကြည့်တာသူ့အရင်ကတည်းက စောင့်ကြည့်နေတာဖြစ်လို့
တပတ်မက ကတည်းက စောင့်ကြည့်နေပုံရတယ်လို့ ဆိုပါတယ်။
ဒုတိယ ကျနော်မှတ်မိတာက ၁၉၆ဝကျော်နဲ့ (၇ဝ)ကျော် ခုနှစ်များအတွင်း ဗိုလ်ချုပ်တို့ ကျဆုံးတဲ့ အာဇာနည်နေ့မှာ မြန်မာသတင်းစာ တစောင်တည်း ၊ ထိုနေ့အတွက် ဆောင်းပါး
တစောင် ပါလာတယ်။ ဦးစော နေထိုင်တဲ့ အေဒီလမ်းနဲ့ဆိုင်တဲ့ မရမ်းကုန်းပုလိပ်ဌာနမှ ထိုစဉ်က ထိုပုလိပ်ဌာနမှ ဌာနအုပ် ထင်တယ်။ ထိုဆောင်းပါးရေးစဉ်က ပင်စင်စား ပုလိပ်အရာရှိကြီး တဦးဖြစ်လာပြီး သူရေးတဲ့ ဆောင်းပါးမှာ ဖွင့်ချထားတယ်။ ဗိုလ်ချုပ်တို့ အရေးအခင်းမဖြစ်မီ ဦးစောအိမ်၊ ခြံအတွင်း လှုပ်ရှားဖြစ်ပျက် နေမှုတွေကို သူတို့ ပုလိပ်ဌာနက ထောက်လှမ်းသိရှိပြီး အထက်သို့ အစီရင်ခံစာတွေကို ရေးနေတာ အတော်ကြာတယ်။ သူတို့ လှုပ်ရှားသွားလာနေတာတွေ တွေ့ပြီး တခုခု ရာဇဝတ်မှုကြီး လုပ်တော့မယ်ဆိုတာ သိနိုင်သော်လည်း ဘာကြောင့် အရေးယူဖမ်းဆီးမှုတွေလုပ်ရန် အမိန့်မပေးသလဲ၊ နားမလည်တဲ့သဘော ရေးထားပါတယ်။ ဒီကိစ္စမှာ ဦးစောလှုပ်ရှားမှုတွေက ရာဇဝတ်မှုကြီးတခုခု လုပ်တော့မယ်ဆိုတာ ဗြိတိသျှအစိုးရက တော်တော်စောစောကြီးကတည်းက သိနေပြီ။ ၎င်းဟာလည်း ဘာကို ရည်ရွယ်တယ် ဆိုတာလည်း သိနားလည်နိုင်ပါလျက် ထိထိရောက်ရောက် ကြိုတင်အရေးယူမှု ဘာမှ မလုပ်ကြခြင်းဟာ ထင်ရှားပါတယ်။
၂။ ဒုတိယ အထောက်အထား
(က) ထိုအရေးအခင်းကာလထုတ် သတင်းစာ ၊ စာနယ်ဇင်းနှင့် စာအုပ်များအရ သိရှိချက်များ ဖြစ်ပါတယ်။ အင်္ဂလိပ်လူမျိုး ကပ္ပတိန် ဗီဗီယန်းနှင့် ဘရင်းဂန်း(၂ဝဝ) လက်နက်မှုကြီး ဖြစ်ပါတယ်။
သူဟာ စစ်ဘက်က ပုလိပ်ဘက် မကြာခင်ကမှ ပြောင်းလာသူဖြစ်ပါတယ်။ ပုလိပ်လက်နက်ပစ္စည်းထောက်ပံ့ရေးဌာန ရာဇဝတ်ဝန်ကလေး ဖြစ်တယ်။ ဗီဗီယန်းက ဦးစောကို ဘရင်းဂန်း (၂ဝဝ) ထုတ်ပေးခဲ့တယ်။ ၂၄.၆.၄၇ နေ့မှာ ဦးစောရဲ့ လူရင်း ဖော်ကောင် ဘညွန့်နှင့်အဖွဲ့က ပုလိပ်ယောင်ဆောင်ပြီး ဗိုလ်တထောင် အမှတ်-၂၂၆ (BOD) အခြေစိုက် လက်နက်တိုက်မှ ဗီဗီယန်းနှင့် ဦးစောတို့ အစီအစဉ်အရ လာရောက် ထုတ်ယူသွားတယ်။ ထိုစဉ်က ထုတ်ယူသွားတဲ့ လက်နက်များမှဘရင်းဂန်းသေနတ် (၂ဝဝ)၊ ယင်းပြောင်းပို (၂ဝဝ)နှင့် ယင်းမဂ္ဂဇင်းကျည်ကပ် (၈ဝဝ)တို့ကို အလွယ်တကူ ထုတ်ယူသွားကြတယ်။
(ခ) ဒုတိယအကြိမ် ဗီဗီယန်းမှ ဦးစောအား ခဲယမ်းကျည်ဆန်များ နောက်ထပ်ထုပ်ပေးပြန်ရာ အရင်အတိုင်း ဦးစောရဲ့လူရင်း ဖော်ကောင် ဘညွန့်နဲ့ အဖွဲ့က ၁ဝ.၇.၄၇ နေ့က (၁၆)မိုင်ရှိ မင်္ဂလာဒုံ အခြေစိုက် ခဲယမ်းမီးကျောက်တပ်မှ သွားထုတ်ယူခဲ့တယ်။ ထုတ်ယူသွားတဲ့ပစ္စည်းများမှာ ပွိုင့် (၃ဝ၃) ရိုင်ဖယ်နှင့် ဘရင်းသေနတ်ကျည်ဆန် (၁ဝဝဝဝဝ)၊ စတင်းကျည်ဆန် (၂၅၆ဝဝဝ) (စစ်တပ်ထုတ် တပ်မတော် သမိုင်းတတိယတွဲ - စာမျက်နှာ (၁၄၉)တွင် ၎င်းကျည်ဆန် (၂၅၆ဝဝဝ)လို့ သာဆို။
ထိုဂဏန်း ပိုမှန်နိုင်) လက်ပစ်ဗုံး(၂ဝဝ)တို့ဖြစ်ပါတယ်။ ထိုစာရင်းတွင် စတင်းဂန်းမည်မျှဟု မပါပေမယ့် အရေးအခင်းပြီးစ (၂၁.၇.၄၇)နေ့တွင် ဦးစောအိမ်အနီးရှိ ရေကန်ထဲတွင် သတင်းအရ ရှာဖွေရာတွင် ရေကန်အတွင်း ရေအောက် လေလုံ သေတ္တာတွေအတွင်း ထည့်ထားသော ဘရင်းဂန်း (၁၇ဝ)နှင့် စတင်းဂန်း (၁ဝဝ)တို့ကိုတွေ့ရှိရမိသည်ဟု ထိုကာလ စာနယ်ဇင်းတို့က ဖော်ပြထားတယ်။
(ဂ) ဒီဘရင်းဂန်း (၂ဝဝ)နှင့် ကျည်ဆန်များကိစ္စမှာ လုပ်ကြံမှုကြီးမှာ ဗြိတိသျှ အစိုးရ ပါဝင်ကြောင်း ကြီးမားသော အထောက်အထားကြီးဖြစ်တယ်။ ဒါလောက် များပြားသော (အစိုးရခြေလျင်တပ်ရင်း ခြောက်ရင်းခန့်စာဖြစ်ပြီး၊ ထိုကာလ ဗမာ့တပ်မတော် တပ်ရင်းများရဲ့ တဝက်စာဖြစ်တယ်။)
လက်နက်များ ကို ဦးစော ဝယ်ယူတာလည်း မဟုတ်၊ ဗီဗီယန်းက ထုတ်ပေးတာဖြစ်တယ်။
ဒီလောက်များတဲ့ လက်နက်ခဲယမ်းများကို အထက်အာဏာပိုင်တို့ရဲ့ သဘောထားမပါဘဲ ထုတ်ပေးတာ မဖြစ်နိုင်။ ဗီဗီယန်းအတွက် ကိုယ်ကျိုးငွေကြေးရတာလည်း မဟုတ်ပေ။ အလွန်ထင်ရှားတဲ့ အချက်ကြီး ဖြစ်တယ်။
(ဃ) ဒီလက်နက်များကို ထုတ်ပေးတာဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံသတ်ဖြတ်ရေး တွန်းအားပေးတာ သာမက ယင်းနောက်တွင် ကြီးမားသော ကြံစည်မှုကြီးတခုလည်း ရှိနေသေးသည်ကို ကျနော်တို့ မြင်နိုင်ပေသည်။ ဤမျှ များပြားသော လက်နက်ခဲယမ်းများကြောင့် ဦးစောက ဗိုလ်ချုပ်တို့ကို လုပ်ကြံ သတ်ဖြတ်ရုံမျှမက နောက်ထပ်ဆက်ပြီး မြန်မာပြည်တွင် သူ အာဏာရရေးအတွက် ၊ ပုန်ကန်ထကြွမှုကြီး ဖြစ်သွားနိုင်ရန်အတွက်ပါ ရည်ရွယ်ချက်နှင့်ပေးသည်ဟုလည်း ကောင်းစွာ ထင်ရှားသိရှိနိုင်သည်။
သို့ဖြင့် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ပြည်တွင်းစစ်ကြီးဖြင့် ပြိုကွဲ အားနည်းသွားစေရန် ကြံစည် အားထုတ်ခဲ့ကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။
၃။ တတိယအထောက်အထား
(က) ဦးစောသည် လုပ်ကြံမှုကြီးအတွက် ၁၉၄၆ ခုနှစ်ကစပြီး လက်နက်ခဲယမ်းများ စုဆောင်းနေရာ ကုက္ကိုင်းအမှတ် (၁) ဘီအီးအမ်အီးတပ်မှ တပ်မှူး အင်္ဂလိပ်လူမျိုး မေဂျာစီအိပ်ခ်ျရန်းနှင့် ရင်းနှီးကြပြီး ၎င်းထံမှ ဆပ်မရှင်းဂန်း (၁)လက် ၊ အမေရိကန် ကာဘိုင် (၃)လက် ၊ စတင်းသေနတ် (၁)လက်၊ တော်မီ သေနတ် (၂)လက် ၊ လူဂါပစ္စတိုသေနတ်(၁)လက် ၊ ခြောက်လုံးပြူးသေနတ် (၂)လက်နှင့် ယမ်းတောင့်များကို ရယူခဲ့သည်။
(ခ) ထို့ပြင် အင်္ဂလိပ်လူမျိုး ဗိုလ်မှူးလန်းစ်ဒိန်း ထံမှလည်း စပရင်းဖီးရိုင်ဖယ် သေနတ် (၁)လက်၊ တော်မီသေနတ် (၂)လက်၊ ကာဘိုင်သေနတ် (၁)လက်နှင့် ယမ်းတောင့်များကို ရရှိခဲ့သည်။
ယင်းလက်နက်များမှ အချို့ကို ငွေပေး ဝယ်ယူရရှိပုံရသည်။
(ဂ) ထို့ပြင် သတင်းစာများအရ ဗိုလ်ချုပ်ကိုပစ်သတ်သောကျည်ဆံမှာ (ဒန်ဒန်)ခေါ် အလွန်ပြင်းထန်ပြီး အဆိပ်ပါသော ကျည်ဆံဟု ဆိုကြသည်။ မိုင်းပွန် စော်ဘွားကြီး ဒဏ်ရာမပြင်းဘဲ သေဆုံးရသည်ဟု ဆိုကြသည်။
(ဃ) ၎င်းလက်နက်များမှာ လုပ်ကြံမှုကြီးအတွက် အင်္ဂလိပ်ဗိုလ်မှူး နှစ်ဦးထံမှ ဦးစော အခိုင်အမာ ကြိုတင်ရရှိတာ ဖြစ်သည်။ အထက်ပါ ဒုတိယနှင့် တတိယ အထောက်အထားကြီး နှစ်ခုသည် လုပ်ကြံမှုတွင် ဗြိတိသျှအစိုးရ ပါဝင်ကြောင်း အလွန်ထင်ရှားသော အထောက်အထားများဖြစ်သည်။
၄။ နောက်အထောက်အထား အချို့ကတော့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမှာ စုံစမ်းစစ်ဆေးရာတွင် ပါဝင်တဲ့ ထိုစဉ်က ပုလိပ်မင်းကြီး ဖြစ်တဲ့ ကွယ်လွန်သူ ဦးထွန်းလှအောင်ရဲ့ သား ဦးခင်အောင် က ၁၉၉၃ ခုနှစ်လောက်က ရေးတဲ့ “အောင်ဆန်းကို ဘယ်သူ သတ်သလဲ” စာအုပ်မှ လိုရင်းကို ဘီဘီစီက ၁၉၉၃ ခုနှစ် အသံလွှင့်ချက်တချို့ကို ကျနော်ရရှိခဲ့ရာ အဓိက အထဲမှာပါဝင်တဲ့ အထောက်အထား တချို့ကို ဆက်လက် တင်ပြသွားပါမယ်။
၅။ စတုတ္ထ အထောက်အထားက
(က) ဦးခင်အောင် စာအုပ်ဖော်ပြချက်အရ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး တပတ်လောက်တွင် ဇူလိုင်၊ ၂၅ ရက်နေ့လောက်မှာဘဲ ဗြိတိသျှအစိုးရဟာ ဒီလုပ်ကြံမှုကြီးမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ပြန့်နှံ့နေခဲ့တာကြောင့် ဦးနု အစိုးရဟာ ဗြိတိသျှတို့ရဲ့ ဆန္ဒနဲ့လည်း ကိုက်ညီအောင် အောက်ပါ ကြေညာချက်တခု ထုတ်ပြန်ဖို့ စီစဉ်တယ်။ ၎င်းမှာ “ ဒီလုပ်ကြံမှုကြီးမှာ အင်္ဂလိပ်ကိုလိုနီ အစိုးရတို့ မပါဝင်ကြောင်း ၊ အင်္ဂလိပ်အစိုးရနှင့်အတူ တရားခံအစစ်ကို ရဖို့အတွက် ကြိုးစား ရှာဖွေလျက်ရှိကြောင်း ” ဆိုတဲ့ တရားဝင် ကြေညာချက် ထုတ်ဖို့ပင် စီစဉ်ထားတဲ့အထိ ဖြစ်တယ်။
(ခ) ဒါပေမယ့် (၂၈.၇.၄၇)နေ့ထုတ် ရန်ကုန်လမ်းညွှန် သတင်းစာကြီးတွင်ပါ သတင်းတပုဒ်ကြောင့် အခြေအနေ ပိုဆိုးဝါးလာခဲ့တယ်။ ယင်းသတင်းဖော်ပြချက်ကတော့ “ဗိုလ်ချုပ်အောင်ဆန်း တို့အဖွဲ့ ၁၉၄၇ ခုနှစ် ၊ ဇန်နဝါရီလ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုဖို့အတွက် အင်္ဂလန်ရောက်ခဲ့စဉ်က ဦးစော နှင့် သခင်ဗစိန်တို့က လက်မှတ်ထိုးဖို့ ငြင်းပယ်ခဲ့ကြတယ်။ ဦးစောဟာ ဖဆပလ အဖွဲ့ကြီး ပြိုကွဲရန် ရည်ရွယ်ချက် ဖြင့် အင်္ဂလန်မှာ နေရစ်ခဲ့ကြောင်း။ ထို့အပြင် လူဖြူများရဲ့ အကူအညီနဲ့ ဦးစော ငွေ (၅)သိန်း လက်ခံရရှိခဲ့ကြောင်း၊ အင်္ဂလန်မှ အရင်းရှင်အချို့က ဦးစောအား ငွေအမြောက်အမြား ပေးခဲ့ကြောင်း စသဖြင့် ရေးသားထားသည်။ ဒီသတင်းကြောင့် ဦးနုအစိုးရက အထက်ပါ ကြေညာချက်ထုတ်ရေး အစီအစဉ်ကို မပြုလုပ်ဘဲ ရုပ်သိမ်းလိုက်ရတယ်။
(ဂ) ဒီကိစ္စမှာ ဗြိတိသျှ အစိုးရနဲ့ ပဋိပက္ခ မဖြစ်လိုတဲ့အပြင် ဗြိတိသျှတို့အပေါ် ကောလာဟာလ ဖြစ်မှုတွေကို ကာကွယ်ပေးလိုတဲ့ ဦးနု အစိုးရပင် ထိုကာလက ဗြိတိသျှတို့နဲ့ ပတ်သက်နေတဲ့ အထက်ပါလို သတင်းအမျိုးမျိုးတို့ကြောင့် ကာကွယ်တဲ့ ကြေညာချက်မျိုးတောင် မထုတ်ရဲအောင် ဖြစ်ခဲ့သည်မှာလည်း ထင်ရှားတဲ့အချက်တခု ဖြစ်ပါတယ်။
၆။ ပဉ္စမ အထောက်အထား
ဒီမှာ အချက်(၂)ချက် ပါဝင်နေတယ်။
(က) ပထမက ဦးစောဟာ လက်စားချေရေး သက်သက်သာ ရည်ရွယ်ပါက ဗိုလ်ချုပ်အောင်ဆန်း တဦးသာ သတ်ဖြတ်ဖို့ ဖြစ်နိုင်တယ်။ အခုမူ ဗိုလ်ချုပ်သာမက အစိုးရတစ်ဖွဲ့လုံးနှင့် ဦးနုကိုပါ လုပ်ကြံသတ်ဖြတ်တာဖြစ်တယ်။ (ဗိုလ်ချုပ်ပါ ဝန်ကြီးခုနစ်ဦးနှင့် အတွင်းဝန် (၁)ဦး၊ သက်တော်စောင့် (၁)ဦး တို့ ကျဆုံးရပြီး ကျန်ဝန်ကြီးအချို့ ကျယ်ဆံမထိလို့ လွတ်မြောက်ရတယ်)ဒါကြောင့် ဒါဟာ လက်စားချေရေး သက်သက် မဟုတ်နိုင်။ ဒါပြီးရင် အစိုးရအသစ် ရာထူးအတွက်ပါ ရည်ရွယ်တာထင်ရှားပါတယ်။
(ခ) ဒီလုပ်ကြံမှုကြီး ပြီးရင် ဘုရင်ခံက ဦးစောကို အစိုးရအသစ်ဖွဲ့ဖို့ ဖိတ်ခေါ်လိမ့်မယ်လို့ ဦးစောက မျှော်လင့်ချက်ရှိနေတယ်။ ဦးစောကို ဖမ်းရာမှာ သူ့အိမ်မှာ “ဦးစော-ဝန်ကြီးချုပ်” ဟု လုပ်ထားတဲ့ တံဆိပ်တုံး ကိုပင် တွေ့ရကြောင်း ဦးခင်အောင် စာအုပ်အရ သိရတယ်။ ထိုကိစ္စသတင်းစာများနှင့် အသံလွှင့်ချက်များ မှာလည်း ဖော်ပြကြသည်။ ဒါဖြင့် ဒီမျှော်လင့်ချက်ရှိအောင် ဘယ်သူတွေက လမ်းခင်းပေးထားသလဲ။ ဒါဟာ ဦးစောက လုပ်ကြံဖို့ လှုံ့ဆော်တိုက်တွန်းပေးတဲ့ အချက်ကြီး မဟုတ်လား ။ ဒါဟာ လုပ်ကြံမှုကြီးဖြစ်အောင် မြှောက်ပင့်လှုံ့ဆော်ပေးတဲ့ မက်လုံးကြီး မဟုတ်လား။
အထက်ပါ အချက်နှစ်ချက်ကြောင့် ဒီလုပ်ကြံမှုကြီးမှာ ဗြိတိသျှအစိုးရတို့ ပါဝင်နိုင်ပုံကို သိရှိနိုင်တယ်။
၇။ ဆဌမ အထောက်အထား
ဦးခင်အောင် စာအုပ်အရ အချက်နှစ်ခုကို တွေ့ရပြန်တယ်။
(က) ပထမက ဦးစောရဲ့ ရှေ့နေဖြစ်သူ အင်္ဂလန်မှ အင်္ဂလိပ်လူမျိုး ရှေ့နေ “ဖရက်ဒရစ်ဟင်နရီ” ဟာ အင်္ဂလန်ရှိ သူ့အခန်းတွင် ရုတ်တရက် လုပ်ကြံ သတ်ဖြတ်ခံရတယ်။
(ခ) နောက် ဒုတိယက ဗိုလ်ချုပ်တို့ လုပ်ကြံမှုကြီးကို အလွတ်စုံထောက်နေသူ အင်္ဂလိပ်လူမျိုး “အက်ဖ်ကိုလင်” ဟာလည်း သူ့စာရွက်စာတမ်းများ ပျောက်ဆုံးနေပြီး သူလည်း ရုတ်တရက် သေဆုံးသွားတယ်။ ထိုနှစ်ဦး သေဆုံးကြောင်း ယခင်က ကျနော်တို့မသိရ။ ဦးခင်အောင်စာအုပ်အရသာ သိရတယ်။ ယင်းကိစ္စများစွာ စဉ်းစားစရာတွေဖြစ်ခဲ့တယ်။ အမှုကြီးရဲ့ အရင်းခံအဖြစ်အပျက်တချို့ကို သူတို့ သိနေတာ နောင်ပေါက်ကြားလာမှာစိုးလို့ ယခုလို အဆုံးစီရင်လိုက်ပုံရတယ်။
ဤကိစ္စလည်း လုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ပါဝင်နေပုံကို များစွာသံသယဖြစ်ဖွယ် ဖြစ်တယ်။
၈။ သတ္တမ အထောက်အထား
ဦးခင်အောင်စာအုပ်အရ သိရသည်မှာ ဦးစော သေဒဏ်စီရင်ချက်ခံရပြီး နောက် ကြိုးမိန့်ပေးခံရသူများ၏ အကျဉ်းထောင်အခန်းအတွင်း နေရစဉ် သူလွတ်မြောက်ထွက်ပြေးရေးအတွက် ဗြိတိသျှအရာရှိများထံ အကူအညီတောင်းခံမှုဖြစ်တယ်။ ဦးစောဟာ ထိုစဉ်ကာလတွင် ထောင်မင်းကြီး ဦးစံတင်ကို သူ လွတ်မြောက်မှုအတွင် ငွေအမြောက်အမြား ပေးမယ်လို့ ချဉ်းကပ်ခဲ့တယ်။ ဦးစံတင်က ဦးထွန်းလှအောင်နဲ့ တိုင်ပင်ပြီး စီမံချက်တခုလုပ်ကာ ငွေပေးရန် လုပ်ပေးမယ်ပြောရာ ထိုမှစပြီး ဦးစော ငွေရှာပုံတော်ကြောင့် ဦးစောနှင့် ဆက်စပ်သူ အင်္ဂလိပ်များအကြောင်း အံ့သြဖွယ် တွေ့ရတော့သည်ဟု ဆိုထားသည်။ ၎င်း ငွေတောင်းစာများတွင် နာမည်ဝှက်များနှင့် စကားလုံးတွေပါ ရေးထားတယ်။
(က) ပထမဆုံး ဦးစော ငွေတောင်းသူကတော့ ကပ္ပတိန် ဗီဗီယန်း ဖြစ်တယ်။ (အထက်ဖော်ပြပါ ဦးစောကို ဘရင်းဂန်း (၂ဝဝ) နှင့် ခဲယမ်းများ ထုတ်ပေးသူ ဖြစ်တယ်) ဦးစောဟာ ၎င်းဗီဗီယန်း သူ့ကို ဘရင်းဂန်းများ ထုတ်ပေးမှုနှင့် ထောင်ထဲရောနေမှန်း မသိပေ။ ၎င်းဗီဗီယမ်းက ဦးစောထံ ပြန်ပေးစာတွင် “ငါတို့ အားလုံး စီစဉ်ပေးနိုင်တယ် မင်းဘာလို့ လူရှည်ကြီး မဆက်သွယ်သလဲ” ဟု ရေးခဲ့၊ ဆိုထားသည်။
(ခ) ဦးစော ဒုတိယအရေးတကြီးထား ဆက်သွယ်သူကတော့ ရန်ကုန်မြို့ ဗြိတိသျှကောင်ဆယ်က “မစ္စတာ ဂျွန်စတီးဝပ်ဘင်ကလင်” ထံ ငွေတောင်းခံစာ ရေးပြီး ဆက်သွယ်တာဖြစ်တယ်။ (၎င်းဟာ ဗြိတိသျှသံတမန်ဖြစ်လို့ နိုင်ငံရေးအရ ပိုအရေးကြီးသူဖြစ်)ဘင်ကလင်က ထိုစာကို ဖတ်လိုက်ရတော့ သိပ်ချောက်ချားပြီး စာကိုဖျက်ဆီး၊ စာလာပို့သူ ပုလိပ်အရာရှိကို မောင်းထုတ်လိုက်တယ်။
နောက် ဦးစောက ၎င်းဘင်ကလင်ထံ သြဂုတ်လ ၂၂-၂၃ ရက်နေ့နဲ့ စာတွေပို့တယ်။
ငွေတောင်းတာမက ခြိမ်းခြောက်တဲ့ စာမျိုးပါ ရေးခဲ့တယ်လို့ ဆိုပါတယ်။ သို့ရာတွင် ဘင်ကလင်က ဒီစာတွေ မရတော့ဘူး။ အကြောင်းက ဦးစော ရဲ့ပထမစာ ရပြီးကတည်းက သူ ဗမာပြည်မှ ထွက်ခွာဖို့ ပြင်ဆင်ပြီး နေအိမ်ကနေ ကမ်းနားလမ်းဟိုတယ်ကို ပြောင်းနေခဲ့တယ်။ သူထွက်ဖို့ စီစဉ်နေတုန်း သူ့ကို ဖမ်းဖို့ ဦးထွန်းလှအောင်က ထိုစဉ် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းထံ အကြောင်းကြားခဲ့ ၊ ဦးကျော်ငြိမ်းက ဘုရင်ခံထံ တင်ပြ၊ ဘုရင်ခံက သက်သေ အထောက်အထားတွေ ထပ်မံ တောင်းဆိုဟု ဆိုထားသည်။ နောက်တနေ့ ဦးထွန်းလှအောင်က သူမထွက်ခွာမီ ရုတ်တရက် ထပ်သွားပြီး ဦးစောရဲ့ နောက်ဆုံးစာကို ပြသည်။ ဘင်ကလင်က ထိတ်လန့် ကြောက်ရွံ့သွားပြီး သူ့ကို ဖမ်းလို့မရကြောင်း၊ သူ့အနေဖြင့် သံတမန်ရေးရာ အကာအကွယ်များရှိထားကြောင်း ပြောတယ်။ ဒီအပေါ် ဦးခင်အောင် ရေးသားထားတာက “အမှန်တော့ မစ္စတာဘင်ကလင်အနေနဲ့ ဗိုလ်ချုပ်တို့ လုပ်ကြံမှုမှာ ၎င်းဘယ်လို ပတ်သက်သလဲ ဆိုတာ အသေအချာသိလို့ဘဲ ဖြစ်တယ်” လို့ ဆိုထားသည်။ ဦးထွန်းလှအောင်က သူ့ကို မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်သွားရန် ပြောခဲ့ဟု ဆိုသည်။ ထိုနေ့ ၄.၉.၄၇ နေ့က စပြီး ၎င်း ဘယ်ရောက်သည် အစမပေါ်တော့ဟု ဆိုသည်။
(ဂ) ဗီဗီယန်းသည် ဘရင်းဂန်း (၂ဝဝ) နှင့် ကျည်ဆန်များစွာ ဦးစောကို ထုတ်ပေးခဲ့သူ ဖြစ်၍ ဒီလုပ်ကြံမှုနှင့် ပတ်သက်မှုတွင် အရေးပါဆုံးသူဖြစ်သည်။ နောက် ဘင်ကလင်မှာလည်း ဗြိတိသျှသံတမန်ဖြစ်၍ အရေးပါသူ ဖြစ်သည်။ ဗိုလ်မှူးရန်း ဖမ်းမိပြီး စစ်ဆေးသောအခါလည်း ၎င်း၏ ဖြောင့်ချက်အရ ဦးစောနှင့် ဗြိတိသျှကောင်ဆယ်မှ ဘင်ကလင်တို့၏ ဆက်သွယ်မှုဟာ သာမန်ထက် ပိုဆက်သွယ်မှုရှိကြောင်း ဆိုထားသည်။ ဗြိတိသျှအစိုးရမှ ထိုအရေးပါသူ (၂)ဦးထံသို့ ဦးစော အရေးကြုံတော့ ငွေတွေအတင်းတောင်းယူပုံတွေ ကို ထောက်ရှု၍ ထိုလုပ်ကြံမှုတွင် ဗြိတိသျှအစိုးရတို့ ပါဝင်နိုင်ပုံကို သိမြင်ယူဆနိုင်ပေသည်။
၉။ နောက်ဆုံး အဌမ အထောက်အထားကတော့ …
ဦးခင်အောင် စာအုပ်အရ အထက်ပါ ဗီဗီယန်း၏ နောက်ဆုံးအဖြစ်အပျက် ဖြစ်သည်။
ဖော်ပြထားပုံအရ ၎င်းဗီဗီယန်းသည် ၁၉၄၉ ခုနှစ် ၊ မေလ အင်းစိန်တိုက်ပွဲမှ ကရင်များ ဆုတ်သွားရာတွင် အင်းစိန်ထောင်မှ လိုက်ပါသွားပြီး ၁၉၅ဝ ခုနှစ်အထိ ကော့ကရိတ်မြို့အနီး စောဘဦးကြီးနှင့် ရှိနေခဲ့တယ်။ မြန်မာအာဏာပိုင်တွေက သူ့ကို သတ်လိုက်ပြီဆိုကြပေမယ့်သူ (ဗီဗီယန်း)ဟာ ၁၉၅ဝ ခုနှစ် အလယ်ပိုင်း လောက်မှာ ထိုင်းနိုင်ငံမှ တစ်ဆင့် အင်္ဂလန်နိုင်ငံသို့ ပြန်သွားပြီး ၁၉၈ဝ ခုနှစ်လောက်ကျမှ ကွယ်လွန်သွားတယ်ဟုဆိုထားသည်။ အမှုကြီးအတွက် အရေးကြီးပုဂ္ဂိုလ် လွတ်မြောက်သွားပုံ ဖြစ်သည်။ ဤတွင်လည်း ဗြိတိသျှ အစိုးရတို့ ပါဝင်နိုင်ပုံကို ထင်ဟပ်နိုင်သည်။
၁ဝ။ အထက်ဖော်ပြပါ အထောက်အထားများကြောင့် ဗိုလ်ချုပ်တို့ လုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ ပါဝင်ကြောင်း ကျနော်ကောင်းစွာ ထင်မြင်ယူဆပါသည်။ အထက်ဖော်ပြပါ အထောက် အထားများအနက် နံပါတ် (၂)ကပ္ပတိန် ဗီဗီယန်းက ဦးစောအား ဘရင်းဂန်း (၂ဝဝ)နှင့် ကျည်ဆန်များ ထုတ်ပေးမှုဟာ ဗြိတိသျှအစိုးရ ပါဝင်နိုင်ကြောင်း အထင်ရှားဆုံးအချက်ကြီးဖြစ်တယ်။
ဒုတိယ ထင်ရှားတဲ့ အချက်ကတော့ နံပါတ်(၃)အရ လုပ်ကြံရေးအတွက် လက်နက်များ၊ ကျည်ဆန်များရောင်းတဲ့ ဗိုလ်မှူးရန်းနှင့် လန့်စဒိန်းတို့အမှု ဖြစ်တယ်။ ဗီဗီယန်း၏ ဘရင်းဂန်း (၂ဝဝ)နှင့် ကျည်ဆန်များ ဦးစောအား ထုတ်ပေးမှုဟာ လုပ်ကြံမှုကြီးဖြစ်ရန် တွန်းဆော်ပေးလိုက်ရုံမျှမက နောက်ပိုင်း ဦးစော အာဏာရရေး၊ ပုန်ကန်ထကြွရေး အတွက်ပါ ရည်ရွယ်သည်ဖြစ်သဖြင့် ထိုစဉ် ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဆပတ တပ်ပေါင်းစုကြီးအောက်တွင်စည်းလုံးညီညွတ်လာနေသော မြန်မာပြည်ကြီးကိုလည်း ပြည်တွင်းစစ်ဖြင့် ဖြိုခွဲအားနည်းပစ်ရန် လုပ်ကြံမှုကြီးတခုလည်း ဖြစ်သည်။
ယင်းမှ ဆက်၍ တွေးခေါ်နိုင်သည်မှာ ဦးစော လုပ်မသွားနိုင်သည့်နောက်ပိုင်း ဖြစ်လာသော ဗမာပြည်တွင်းစစ်များ ဖြစ်လာအောင် လုပ်ရာတွင်လည်း ဗြိတိသျှအစိုးရတို့ တနည်းတဖုံ ပါဝင်ကြမည်ကို မျှော်မှန်း သိမြင်နိုင်ပေသည်။
၁၁။ အထက်ပါ အကြောင်းတို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်မှုတွင် ဗြိတိသျှ အစိုးရတို့ ပါဝင်သည်ကို ကျနော် ထင်မြင်ယုံကြည်ရုံမက ယခု နှစ်(၄ဝ) ကျော်ကြာ ဗမာပြည် ပြည်တွင်းစစ်ကြီး ဖြစ်လာအောင် ဖန်တီးကြရာတွင် ဗြိတိသျှအစိုးရတို့ တနည်းတဖုံ ပါဝင်နိုင်ကြောင်းကိုလည်း ကျနော် ထင်မြင်ယူဆပါသည်။
(ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ "တရားခံအစစ်ဘယ်သူလဲ" စာအုပ်တွင် ပါရှိသည့် "၁၉၉၇ ခုနှစ်၊ အာဇာနည်နေ့ အနှစ် ၅၀ ပြည့် အထိမ်းအမှတ် BBC နှင့် တွေ့ဆုံမေးမြန်းမှု" မှကူးယူဖော်ပြပါသည်။
Share by U Ko Ko Htwe

Comments

Popular posts from this blog