>>>>>>> ငရဲသို့ >>>>>>>>>
°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျွန်တော် သူ့ကို လိုချင်သည် အမှန်ပင်။
ကျွန်တော်တို့ ရွာထဲမှာ သူ့ထက် ချောသူ အများပင် ရှိပါ၏။ စင်စစ် ကျွန်တော်တို့ ရွာသည် မိန်းမချော ထွက်သော လှိုင်မြစ်ရှိ ဘောလယ်ရွာကဲ့သို့ နာမည်ကျော်ပါသည်။ စင်စစ် လှိုင်ဘောလယ်သို့ ကျွန်တော် ရောက်ဖူးပါ၏။ အလကားပါ။ နာမည်ကျော်သော်လည်း အပျိုတွေ မချောလှပါ။ တုတ်တုတ်ခိုင်ခိုင်နှင့် ခြေသလုံး ကြီးလှပါသည်။ စင်စစ် သူ့ခြေသလုံးကဲ့သို့ ဝါဝါဝင်းဝင်း ပြေပြေပြစ်ပြစ် မရှိလှပါ။ လှိုင်ဘောလယ်မှ အပျိုချောတို့၏ ပေါင်တံမှာ ကျွန်တော့် မျက်စိထဲတွင် သူ့ ပေါင်တံထက် တမိုက်လောက် ပိုရှည်သည်ဟု ထင်ပါသည်။ စင်စစ် သူ့ပေါင်တံမှာ ဆင်နှာမောင်းကဲ့သို့ လျှော၍ ဆင်းလာသော ပေါင်တံ ဖြစ်သည်။
စင်စစ် ကျွန်တော့်မှာ သူ့ကို မြင်တိုင်း အရူးပမာတမျှ စိတ် ဗရောက်ဗရက် ဖြစ်မိသည်။ ထို့ကြောင့် သူ့ကို တွေးမိလိုက်တိုင်း စင်စစ် စင်စစ်နှင့် တစစ်စစ် မြည်တမ်းမိပါ၏။ ထို့ကြောင့် ကျွန်တော် ပြောသည့် စကားထဲတွင် စင်စစ် စင်စစ် ဟူသော စကားများ ဝဂ်နင်းလို ထပ်၍ နေခဲ့ပါလျှင် ခွင့်လွှတ်ကြပါ။
စင်စစ် ကျွန်တော် သူ့ကို မလိုချင်ပါ၊ အမှန်ပင် မလိုချင်။
ရော၊ သည်တခါ ကျွန်တော့် ရှေ့စကားနှင့် နောက်စကား မညီဟု ထင်ပါသည်။
ရှေ့စကား နောက်စကား ညီနိုင်ပါ့မလား။ သူ့ကို မြင်ရခိုက်၌ သည်းအူပြတ်မျှ ရာဂပုတ္တာများ တဖွားဖွားဖြစ်၍ လိုချင်လာသည်။ မှန်၏။ သို့သော် သူ့စရိုက်ကို ဆန်းစစ်ကြည့်ပြန်လျှင် မလိုချင်ပါ။
သူ့မျက်စိက ကျွန်တော့်အပေါ် စပယ်ကြည့် ကြည့်လိုက်သည့်အခါ ကျွန်တော့်ရင်ထဲ ဖိုလှိုက်ဖိုလှိုက် ဖြစ်သွားပါသည်။ သို့သော် သူသည် လူတကာ၏ ရင်ကို ဖိုလှိုက်ဖိုလှိုက် ဖြစ်အောင် လုပ်တတ်သူ ဖြစ်သောကြောင့် သူ့ကို ကြောက်လှပါသဗျာ့။
သူ့အကြောင်း ပြောပြသည့်အခါ နာမည်ကိုမျှပင် ဖွင့်မပြောရက်ပါ။ သို့သော် ရပ်ထဲရွာထဲ၌ ကျေးအုံဟု ပြောလျှင် အများကပင် နှာခေါင်းရှုံ့ပြီးသား ဖြစ်၍ ကျွန်တော် ဖွင့်မပြောလိုစေကာမူ အများသိပြီးသော ဇာတ်လမ်းကို မကြားချင့်အဆုံး ဖြစ်နေပါသည်။
ကျေးအုံမှာ ကျေးမှုံ၏ ညီမဖြစ်သည်။ ကျေးမှုံ ဆိုသူကို ကျွန်တော် ဝိုးတိုးဝါးတားနှင့် မမှတ်မိတော့ပါ။ သို့သော် ကျွန်တော့် သူငယ်ချင်း အောင်ကျော်ကမူ ကျွန်တော်တို့ ဦးသုန္ဒရ ဘုန်းတော်ကြီး၏ ပဇ္ဇောတာရုံကျောင်းတွင် "ဘော ဒေဝပုတ္တာ အို နတ်သား" ဟူ၍ သံကုန် ပြိုင်၍ အော်ခဲ့ကြစဉ်က ကျောင်း၏ နောက်ဖေး ဖင်လှန်ချောင်းစပ်ရှိ တဲကုပ်ကလေးတွင် ကျွန်တော်နှင့် ကျေးမှုံတို့ ဂုံညင်းလှိမ့် ကစားရင်း ရန်ဖြစ်ဖူးသည်ဟု ဆိုပါသည်။
ကျွန်တော် မှတ်မိသရွေ့မှာ ကျွန်တော်၏ ရောင်ပေစူးကို ဆယ်နှစ်ရွယ်မျှ မရှိသေးသော ကောင်မကလေးက ဆွဲ၊ ၄င်း ကောင်မကလေး၏ ကြက်တောင်စည်းကို ကျွန်တော်က ဆွဲ၊ နှစ်ဦးသား သဲသဲမဲမဲ နပမ်းလုံးနေစဉ် အောင်ကျော်က ဝင်ဖျဉ်သည်ကို မှတ်မိပါသည်။
"ဟေ့ သာဝေ၊ မလုပ်နဲ့ကွ၊ မလုပ်နဲ့။ ဒါ ငါ့နှမကလေးကွ" ဟု ဆိုပါသည်။
အောင်ကျော်သည် လန်တာ လေးဆယ်မျှသော ကိုင်းမြေကို ပိုင်သူ ဦးဖျော်-ဒေါ်ခါဥ တို့၏ တဦးတည်းသော သားဖြစ်သည်။ သို့နှင့်ပင် သူက ကောင်မကလေးကို သူ့နှမပါဟု ဆိုလိုက်သောအခါ ကျွန်တော် ပို၍ စိတ်ဆိုးမိပါသည်။
"ဟေ့၊ မင်းနှမတွေ ရှိသမျှ ကြီးကြီးရော၊ ငယ်ငယ်ရော ငါ အကုန်သိတယ်။ ဒီကောင်မ ဗြစ်ထူကြီးကို မင်းအမေ့လင် ခေါ်လာတာလား" ဟု ကျွန်တော်သည် ကျေးတောသားတို့ စရိုက်အတိုင်း ဆဲရေးတိုင်းထွာ၍ မေးပါသည်။
အောင်ကျော်သည် စိတ်မဆိုးတတ်ပါ။ သူ့အမေနှင့် အဖေတို့က သနားသဖြင့် မွေးစားရန် ကြံရွယ်ထားသော ညီအမ နှစ်ယောက်မှာ ထိုသူငယ်မနှင့် သူ့ထက်အငယ် ကျေးအုံ ဖြစ်သည်ဟု ဆိုပါသည်။
ကျေးအုံမှာ နှပ်ချေး တွဲလောင်းနှင့် ရွံစရာ ကောင်းသော ကောင်မကလေး ဖြစ်သည်ကို ကျွန်တော် မှတ်မိပါ၏။ ၄င်းနောက်၌ကား ကျွန်တော်သည် အောင်ကျော်တို့ မိသားတစုနှင့် ခေတ္တ ခွဲခွါခဲ့ရပါသည်။ ကျွန်တော့် အဖေမှာ အညာမှ လှေသူကြီး မျိုးရိုး ဖြစ်သဖြင့် ပခုက္ကူသို့ ဆန်တက်ရင်း ကျွန်တော့်ကို ခေါ်သွားသဖြင့် လှေသူကြီးသား ဘဝနှင့် ဧရာဝတီ မြစ်ရိုးတလျှောက်တွင် လှေကိုပင် အိမ်ပမာလုပ်၍ နေထိုင်ခဲ့ရာ လေးငါးနှစ်လောက် ကြာမှပင် မူရင်းရွာသို့ ပြန်ရောက်ပါသည်။
ထိုအချိန်တွင် ကျေးမှုံ မရှိတော့ပြီ။ ကျောက်ပေါက်၍ ဆုံးသည်ဟု သိရသည်။ ကျေးအုံမှာကား ကပ်ကြီးမှ ကျော်နိုင် လွှားနိုင်ခဲ့သည်။ သို့သော် ကျွန်တော်နှင့် အောင်ကျော်တို့ လူပျိုလှည့်နေသော အရွယ်၌ ကျေးအုံသည် နှပ်ချေး တွဲလောင်းနှင့်ပင် ရှိသေးသည်။ အလွန်ဆုံး ဆယ်နှစ်လောက်ပင် ရှိလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့၏ ကာလသားဘဝထဲတွင် ကျေးအုံဆိုသော ကလေးမမှာ အရူးအနှမ်းသာသာမျှ ရှိရာ ကျွန်တော်တို့ နှစ်ဦးစလုံး သူ့ကို ဂရုမစိုက်နိုင်ခဲ့ကြပေ။
ယခု ကျွန်တော်တို့ အသက် အစိတ် ရှိလာပြီ။ ကျွန်တော်တို့ ငယ်သူငယ်ချင်း နှစ်ယောက်သည် ရပ်ရွာ၌ မိန်းမချော ဟူသမျှကို ပြိုင်တူ ပိုးခဲ့ကြသည်။ ကြိုက်စရာ ရှိလျှင် ပြိုင်တူ ကြိုက်ခဲ့ကြ၏။ သို့သော် ကျွန်တော်တို့ သူငယ်ချင်းနှစ်ဦး၏ စပ်ကြား၌ မနာလိုသော သဘောထား မရှိ။ ထို့ကြောင့် ကျွန်တော့်ကို ကြိုက်သော အပျိုက အောင်ကျော်ကို မြှူနေလျှင် ကျွန်တော် စိတ်မဆိုး၊ အောင်ကျော့်ကို မျက်စိကျသော အပျိုက ကျွန်တော့်ကို ရိသဲ့သဲ့လုပ်လျှင် အောင်ကျော်က ပြုံး၍ နေတတ်သည်။
ဤအကြောင်းကြောင့် ကျွန်တော်တို့ နှစ်ဦးစလုံး ပြိုင်တူ ဆန်ပြုတ် ဖြစ်ခဲ့ကြရလေသည်။
ကောင်မကလေးများက ကျွန်တော်တို့ နှစ်ဦးစလုံး၌ သူတို့ကို နှစ်နှစ်ကာကာ ကြိုက်သော စိတ်မရှိဟု ဆိုသည်။ ကျွန်တော် တကယ်ကြိုက်သော ကောင်မကလေးက သူ့ကို ကျွန်တော် တကယ် ကြိုက်ခဲ့ပါလျှင် သူ့ကြိုက်နေသော အောင်ကျော်ကို သူက ကြိုက်၍ ပြလိုက်သောအခါ ကျွန်တော့် အသား ဆတ်ဆတ်တုန်ရမည်ဟု ဆိုပါသည်။ အောင်ကျော်နှင့် ပတ်သက်လျှင်လည်း ဤကဲ့သို့ပင် အပြန်အလှန် ယူဆရမည်ဟု ဆိုပါသည်။ ကျွန်တော်မှာ ယခု မိန်းမနှင့် ရခါမှ မိန်းမအကြောင်း ရိုးတိုးရိပ်တိတ် ရိပ်မိသဖြင့် မိန်းမများသည် သူတို့အတွက်ကြောင့် မနာလိုမှုကလေး ရှိမှ သူတို့ကို မြတ်နိုးသည်ဟု ထင်ကြောင်း အနည်းငယ် သိရှိရပါသည်။ သို့သော် ထိုမနာလိုစိတ်ကို ကျွန်တော်တို့ ငယ်သူငယ်ချင်းများ အချင်းချင်း၌ မွေးမြူ၍ မရပါ။
ထို့ကြောင့် ကျွန်တော့်မိန်းမက စိတ်ဆိုးလာတိုင်း လင်နောက်လိုက်မည်ဟု ပြောသောအခါ ကျွန်တော်က "မလိုက်ပါနှင့်။ ငါ တင့်တင့်တယ်တယ် ပေးစားပါမည်။ လင်ငယ်ကို ခေါ်ခဲ့ပါ" ဟု အပြောကောင်းသောကြောင့် ကျွန်တော့် နဖူး၌ ငရုတ်ကျည်ပွေ့ ဒဏ်ရာ အမာရွတ်မှာ ယခုတိုင် မပျောက်နိုင်တော့ပါ။
သူငယ်ချင်းနှစ်ယောက် ဤမျှလောက် ချစ်ခင် ကြင်နာကြပါ၏။ သို့သော် ယခုအချိန်၌ ကျေးအုံသည် အပျို ဖြစ်လာပြီ။
ဆဲ့ခြောက်နှစ်ရွယ် ဆရစ်ကလေးနှင့် ဝဝတစ်တစ်မို့ ချစ်စရာ ကောင်းပေသည်။ သူ၏ စပယ်ကြည့်မှာ ညှို့ဓာတ် ပါလှပေသည်။
ထို့ကြောင့် အောင်ကျော်ဆိုသော ဘသားချောမှာ ယခင်ကလို မဟုတ်၊ အိမ်ပြင်သို့ များစွာ မထွက်တော့ချေ။
ကျွန်တော်တို့မှာ လူပျိုကြီးဖားဖား ဖြစ်နေပါပြီ။ အသက် အစိတ်ကျော်၍ သုံးဆယ်နား နီးနေသည့်အခါ ကျွန်တော်တို့ နှစ်ဦးကို အပျိုပေါက်စတို့က ဦးလေးဟု ခေါ်ခေါ်နေသဖြင့် ကျွန်တော်တို့၏ နဖူးစာမှာ မင်ရေကြဲသည်ထက် ကြဲလာပြီ။ သို့သော် ကျွန်တော်တို့ နှစ်ဦးသားသည် ရွာပြင်ရှိ ထန်းတောတွင် ပျော်ရွှင်စွာ ကျက်စားလျက် ရှိကြပါသည်။ ကျွန်တော်၏ အဖေအမေဖြစ်သည့် ဦးဖိုးသာနှင့် ဒေါ်နှင်းဝေတို့မှာ အောင်ကျော်၏ အဖေအမေတို့ ကဲ့သို့ပင် လယ်ဧက ငါးဆယ်ကျော်မျှကို ပိုင်ဆိုင်ကာ လူရည်တတ် ဖြစ်လာကြလေရာ ဆွေမျိုးရင်းချာပမာ ချစ်ခင်ကြပေသည်။ ထို့ကြောင့် အောင်ကျော်၏ နှမ ကျေးအုံသည်လည်း ကျွန်တော်၏ နှမပမာ ဖြစ်သည်။ ကျေးအုံကို အောင်ကျော်က ၅၂၈ နှင့် ချစ်လျှင် ကျွန်တော်ကလည်း တပြားမျှ မျောက် မပွန်း၊ ၅၂၈ တိတိနှင့်ပင် ချစ်ပါ၏။ သို့သော် အောင်ကျော်ဆိုတဲ့ ငနဲဟာ ယခုတလော အိမ်တွင်းပုန်းလှသည်။
"ဟေ့ကောင် လာလကွာ၊ ထန်းတောကို"
"အိုကွာ၊ တခါလာလဲ ခါ၊ တခါလာလဲ ခါ၊ တောကြက်လဲ မရဘဲနဲ့ ငါ မလိုက်ချင်ပေါင်"
ရော၊ သည်တခါ ခွေးမသားက ကိန်းကြီးခန်းကြီး လုပ်နေပြန်ပြီ။ ခါသား မစားရသည့် အလှည့်တွင် စာကလေးကင်နှင့်ပင် ကျေနပ်သောသူက တောကြက်ကိုမှ ထောင်ချင်သည်ဟု ပြောလာသည်။ မရိုးဘူးထင့်။
ကျွန်တော်တို့ အချင်းချင်း အစ်၍ မေးနေစရာ မလို။ ထို့ကြောင့် တချက်လောက် ငေါက်၍ မေးလျှင်ပင် အားလုံး ပေါ်ပါသည်။
ကျေးအုံသည် နှပ်ချေး တွဲလောင်းနှင့် မဟုတ်တော့ပြီ။ ငယ်ငယ်က ရွံစရာ ကောင်းသလောက် ယခု မျှစ်စို့ကြီးကဲ့သို့။
အောင်ကျော်က သူ့အကြောင်းကို ကျွန်တော့်အား တိုးတိုး ပြောရင်းမှ နေ၍ ကျွန်တော်သည် မီးဖိုချောင်ထဲရှိ ကျေးအုံကို အဝေးက လှမ်းကြည့်မိသည်။
သူ့မျက်စိမှာ ဗန်ဒါစိကလေးလို ဝိုင်းသည်လည်း မဟုတ်၊ ချွန်သည်လည်း မဟုတ်။ သို့သော် သူက မျက်စိကို မျက်လုံးဒေါင့်၌ ကပ်၍ ကြည့်လိုက်သည့်အခါ လူတဖက်သားမှာ ရင်ဖိုလာတတ်သည်။
မျက်နှာမှာ သွယ်သွယ်။ သို့သော် ပါးအို့က ဖောင်းနေသောကြောင့် သွယ်မှန်း မသိရ။ ပါးပြင်ပေါ်တွင် မှုန်တေ့ထားသည်မှာ ပျော့ပျောင်း အိစက် ညက်ညောလှပါသည်။
အောင်ကျော်က ကျွန်တော့်နားထဲ စကား တွတ်တွတ် ထိုးနေစဉ် ကျွန်တော် တွေးမိသည်။
ဒီပါးပေါ်မှာ နှာခေါင်းသရမ်းကြသော လူပျိုပေါက်စတို့၏ အရေအတွက်သည် မည်မျှလောက် ရှိပါသနည်း။
အောင်ကျော့် အပြောနှင့်ပင် ဒါဇင်ဝက်လောက် ရှိနေပေပြီ။ သူမသိသော ကောင်ကလေးများမှာ တဒါဇင် ကျော်ချင် ကျော်ဦးမည်။
ကျေးအုံသည် သရက်ထည် ပိတ်အင်္ကျီ လက်ပွကို ဝတ်ထားသည်။ ကျွန်တော်တို့ ဖက်သို့ ဘေးစောင်း လှည့်လိုက်သောအခါ သူ၏ နိမ့်တုံ မြင့်တုံ ရွှေရင်အုံမှာ ထူထဲသော ပိတ်အင်္ကျီထဲမှ ကျန်းမာပြည့်ဖြိုးသော အသွင်ကို ထင်လင်းစွာ ပြလျက် ရှိသည်။
တင်ပါးဆုံမှာလည်း နိမ့်တုံ မြင့်တုံနှင့်။ တချက်တချက် ထင်းစည်းများကို ပွေ့ပိုက်၍ မီးဖိုချောင် အထက်က ကျပ်ခိုးစင်ပေါ် လှမ်း၍ တင်လိုက်သောအခါ နိမ့်တုံ မြင့်တုံ တင်ပါးဆုံမှာ ရွာဦးဈေးတွင် ဒေါ်ဒွေးလေး ရောင်းနေသော မုံ့ကျွဲသဲတုံးကြီးကဲ့သို့ ဆတ်ဆတ်တုန်လျက်။
စင်စစ် ကျွန်တော် ရင်တုန်နေပါသည်။
အောင်ကျော်လည်း အသံတုန်နေသည်။ သူလည်း ရင်တုန်နေမှာပါပဲ။
"ငါကတော့ နှမအရင်းလို သဘောထားသကွယ့်။ ဒါကြောင့် ညီမကလေး၊ ညီမကလေးနဲ့ ချော့နေရတာဘဲ။ သူကတော့ မျက်နှာများသဟေ့။ ငါကတော့ တခါမှ မမိသေးပါဘူး။ ဒါပေမယ့် အမေက ပြောတယ်၊ မီးဖိုချောင်တံခါး မင်းတုပ်ထိုးတာ၊ ညည လူသံကြားတာ၊ မန်ကျည်းပင်အောက်မှာ နှစ်ယောက်ချင်းတွေ့တာ များလှပြီတဲ့ကွ။ ငါ ဘယ့်နှယ် လုပ်ရမလဲ"
အောင်ကျော်သည် ချူသံပါအောင် ညည်းပါသည်။
"လင်ပေးစားလိုက်ရင် အေးတာပါဘဲကွယ်"
စင်စစ် အောင်ကျော်သည် သူ၏ မွေးစားနှမအတွက် စေတနာ ထက်သန်လှစွာဖြင့် လင်ရှာခဲ့ပါ၏။
သို့သော် ရပ်ရွာရှိ ကောင်ကလေးများက ကျေးအုံဟူသော အသံကို ကြားလျှင် လန့်သွားတတ်ကြသည်။ ရွာထိပ်က သူကြီးသားနှင့်လည်း ကျေးအုံ။ ရွာပြင်က ဆယ်အိမ်ခေါင်းသားနှင့်လည်း ကျေးအုံ၊ လှည်းသမားသားနှင့်လည်း မကင်းဟု အဆိုရှိသည်။ မုံ့သယ်မသားနှင့်လည်း ဘာဂလိုတိုတို ပြောသံကြားသည်။ ကျွန်တော်၏ လယ်ထဲမှ သူရင်းငှါးနှင့်လည်း ရိုးတိုးရိပ်တိပ်ပင်။ အောင်ကျော်တို့၏ ကိုင်းထဲက ပေါင်းသင်သော လုပ်သားများနှင့်လည်း မသင်္ကာစရာဟု ဆိုသည်။
အောင်ကျော်၏ အဖေနှင့် အမေတို့မှာ သူ့ကြောင့် စိတ်ညစ်စ ပြုလာသော်လည်း နှပ်ချေးတွဲလောင်း အရွယ်က သားရင်း သမီးရင်းပမာ ပြုစုမွေးမြူလာသဖြင့် သံယောဇဉ် ကြီးသည်။ အပျိုရည် မပျက်ရင် တော်သေးတာပ ဟူသော သဘောနှင့် ကိုယ့်သမီးကို ကိုယ်ကျိတ်၍ ဆုံးမရင်း မနိုင်မနင်း ဖြစ်လာသည်။
ကျွန်တော်က "မင်းနှယ်ကွယ်၊ နှမအရင်းမှ မဟုတ်ဘဲ ဒီလောက်တောင် ရှိလှတယ် မင်းဘဲ ယူလိုက်ပါလား" ဟု အောင်ကျော်အား ပြောပြသည်။ ကျွန်တော်က သူစိတ်ဆိုးလေမည်လားဟု တွေးမိသည်။
သို့သော် အောင်ကျော်က "ငါလဲ မင်းပြောသလို တွေးမိတယ်။ ငါလဲ သူ့ကို ချစ်တာဘဲ။ ဒို့ ပိုးခဲ့ ပန်းခဲ့တဲ့ ကောင်မတွေအပေါ် ချစ်တာထက် ပိုချစ်တယ်။ ဒါပေမယ့် ငါ့အချစ်က တမျိုးဘဲ။ သူ့ကို ငါ ချစ်တယ်။ ဒါကြောင့် သူ့ကို ငါ မယူရက်ဖူး။ သူကြည်ဖြူတာကိုမှ သူယူပေ့စေ။ မွေးစားနှမ ဆိုပေမယ့် နှမအရင်းလို ခင်မင်လာတော့ သူနဲ့ ငါနဲ့ သွေးမစပ် သားမစပ် ဆိုတာ သိပါလျက်နဲ့ ဒီလို မကြံရက်ဖူး။ ငါကတော့ ဒီကောင်မကလေးကို မင်းဘဲ စောင့်ရှောက်စေချင်တယ်" ဟူ၍ ပြောလေသည်။
အောင်ကျော် ပြောသောစကားကို ကြားသော် ကျွန်တော် များစွာ တုန်လှုပ်သွားသည် မှန်ပါသည်။ သို့သော် ထိုစကားမှာ ကျွန်တော် မနှစ်သက်သော စကား မဟုတ်ချေ။
"ဒါပေမယ့် ခက်သကွာ၊ မင့်နှမဆိုရင် ငါ့နှမ လိုပါဘဲ။ အရင်းအချာလို နေလာရာက ဒီဘဝ ရောက်ဖို့ကို ငါ မတွေးတတ်ဖူး။ ပြီးတော့လဲ အသက်က အတော်ဘဲ ကွာနေသကွာ"
"ဟေ့၊ ယောက်ျား မောင်ပဉ္စင်း၊ မိန်းမ ပခက်တွင်းပါကွ"
"ဟုတ်တော့ ဟုတ်တာပေါ့။ နို့ပေမယ့် သူက ငါ့ကို ကြိုက်အုံးမှကွယ့်"
"အောင်မယ်လေး ယောက်ဖရာ၊ ဒါကိုတော့ ငါကြံပေးပါ့မယ်။ မင်း ပူစရာအလုပ် မဟုတ်ပါဘူး"
"နို့ မင်းကြိုက်နေတဲ့ဥစ္စာ၊ ငါ ဝင်ကြိုက်လို့ တော်ပါ့မလား"
"ဟေ့၊ ခုမှ အထူးအဆန်း ပြောမနေနဲ့။ မင်းနဲ့ ငါနဲ့ ကြိုက်ကြပြီဆိုမှဖြင့် တယောက်ထဲကို အတူတူ ကြိုက်ခဲ့ကြတာချည်းဘဲ မဟုတ်လား"
"အင်း ဒါလဲ ဟုတ်တာဘဲ"
ကျွန်တော်တို့ နှစ်ယောက် ယင်းသို့ အချေအတင် စကားပြောရင်း ညနေစောင်း ရောက်လာ၍ ရွာထိပ်ရှိ ကန်ဗောင်ရိုးသို့ လျှောက်လာခဲ့ကြသည်။ ကန်ဘေးတွင် ပျိုအို ကျားမငယ်ရွယ်တို့ စုဝေး၍ နေကြသည်။ အဝတ် ဖွပ်သူက ဖွပ်၊ ရေချိုးသူက ချိုးနေကြသည်။ ကျွန်တော်တို့ ကန်ဗောင်ရိုးကို တပတ်လှည့်နေစဉ် ရွာဆော်၏သား ယောင်ပေယောင်ပေ လုပ်နေသည်ကို တွေ့ရသည်။ ရွာဆော်၏သား အမည်မှာ မောင်ကွန်း ဖြစ်သည်ဟု ကျွန်တော် ဝိုးတိုးဝါးတား မှတ်မိပါ၏။ မောင်ကွန်းသည် ကျွန်တော်တို့ နှစ်ယောက် လျှောက်လာသည်ကို ခပ်လှမ်းလှမ်းမှ ရှောင်ပေး၍ ရွာထဲသို့ ပြန်ဝင်သွားသည်။ မောင်ကွန်းမှာ ရေချိုးဆင်းလာသည် ဖြစ်၏။ သို့သော် သူရေမချိုးဘဲ ပြန်သွားသည်ကို ကျွန်တော် သတိထားမိသည်။ ကျွန်တော်နှင့် အောင်ကျော်တို့ကား ကန်ဘေး လေညှင်းခံရင်း ကျွန်တော်တို့ ငယ်စဉ်က ပိုးပန်းခဲ့သော သူငယ်ချင်းမများ သူတို့၏ ယောက်ျားများနှင့် တပျော်တပါး ကျီစယ်နေကြသည်ကို ဝိုင်း၍ ကြည့်ရင်း တကိုယ်တော် ဘဝ၏ လွမ်းစရာအခြေကို နှစ်ယောက်သား ကိုယ့်အတွေးနှင့်ကိုယ် တွေး၍ နေကြလေသည်။
နေမင်းက မဝင့်တဝင်။ လွင်ခေါင်ခေါင် ညောင်ပင်အောက်တွင် ငမောက်ကြီး မြက်စားရင်း တဗြစ်ဗြစ်နှင့် နောက်ချေးပါချနေသည်။ ငမောက်မှာ ရွာဆော်ကြီး၏ နွားဖြစ်သည်။ ရွာဆော့်သားသည် သူ့အဖေ့ နွားကိုမျှပင် နွားတင်းကုပ်သို့ မသွင်းနိုင်ဘဲ ရွာထဲ ပြန်ဝင်သွားသည်။
ကျွန်တော်ကား ရွာဆော့်သား မောင်ကွန်းကိုပင် မသင်္ကာ ဖြစ်လာသည်။ ထိုကြောင့် အောင်ကျော်ကို စကားရိပ်ပေး၍ ရွာထဲ ပြန်ဝင်လာကြပြီးနောက် အောင်ကျော့်အိမ်ကို နောက်ဖေးဖက် ငှက်ပျောတန်းမှ လှည့်၍ ဝင်သည်။
နေဝင်သဖြင့် ညဉ့်ဦး၏ လွှာရုံသည် ရွာကလေးပေါ်သို့ လွှမ်းခြုံလိုက်ပေပြီ။ ငှက်ပျောအုပ် ကလေးမှာလည်း နှင်းစို၍ လာလေပြီ။ ငှက်ပျောထန်းတဲ၌ မှောင်နှင့်မဲမဲ ဖြစ်၍ လာချေပြီ။ ငှက်ပျောတန်းနှင့် ခပ်လှမ်းလှမ်း၌ကား သရက်ပင် ငုတ်တိုပေါ်တွင် သဏ္ဌာန်အားဖြင့် ဝိုးတိုးဝါးတား ရှိသော လူနှစ်ယောက်။
"ဟေ့ မပြေးနဲ့"
ကျွန်တော်တို့ နှစ်ဦးသားသည် ကျေးအုံနှင့် မောင်ကွန်းကို နှစ်ယောက်ညှပ်၍ ဖမ်းရာ မိပြီ။
အောင်ကျာ်သည် သူ့နှမကို လူနှင့်တကွ မိပြီ ဖြစ်၍ ဒေါသအမျက် ချောင်းချောင်းထွက်ကာ တုတ်တပျက် ဓားတပျက် နေလိမ့်မည်ဟု ကျွန်တော် ထင်မိသည်။ သို့သော် အောင်ကျော် ဒေါသ ထွက်သည်ကို ကျွန်တော် တွေ့လှခဲသည်။ သို့ဖြစ်၍ ယခုလည်း ကျွန်တော် ထင်ကြေးနှင့် မကိုက်ပေ။ သူ၏ ညီမလေးအပေါ် သူချစ်သည် မဟုတ်လော။ ချစ်သောကြောင့် စေတနာပိုသည် မဟုတ်လော။ စေတနာ ပိုသောကြောင့် သူကိုယ်တိုင် လင်ရှာပေးရသည် မဟုတ်လော။
"ညီမလေး၊ ငါ့စေတနာကို မင်း သိသင့်တယ်။ ဒါကြောင့် မောင်ကြီး ဘာမျှ မပြောလိုဘူး။ ဒီလိုတော့ မလုပ်ပါနဲ့။ လူသိနတ်ကြား တင့်တောင့်တင့်တယ် ဖြစ်အောင် အမေနဲ့အဖေ ပြောပြီး ပေးစားမယ်"
အောင်ကျော်က အေးအေးပြောသည်။
မောင်ကွန်းကား မူလက ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်ရသော်လည်း အောင်ကျော်၏ သဘောကောင်းပုံ၊ စေတနာကောင်းပုံကို သိပြီး ဖြစ်၍ စပ်ဖြဲဖြဲ လုပ်နေသည်။
"ကျွန်တော်က ငယ်သေးတယ်ဗျာ" ဟု မောင်ကွန်းက ပြောသည်။
သည်အခါတွင်မှ အောင်ကျော် စိတ်ထလာသည်။
"ခွေးသားလေး၊ ငယ်သေးရင် ဘာဖြစ်လို့ ဒီလို ကြံသလဲ။ သောက်စကား မများနဲ့၊ လာလိုက်ခဲ့"
အောင်ကျော်သည် မောင်ကွန်းကို သူ့အိမ်ပေါ်သို့ ခေါ်တင်သွားသည်။ ကျေးအုံမှာ မျက်ရည် တရှုပ်ရှုပ်နှင့် ကျန်ရစ်သည်။ သူ့မျက်ရည်ကျတာ မြင်သောအခါ ကျွန်တော် ငိုချင်လာသည်။ ထိုကြောင့် သူ့ကို လက်ဆွဲ၍ "လာပါကွယ် ညီမလေးရယ်၊ မင်းကြိုက်တာ ကြိုက်တဲ့အတိုင်း ဖြစ်စေရမပေါ့ကွယ့်" ဟု ပြောကာ အိမ်ပေါ်သို့ ကျွန်တော် ခေါ်တင်လာခဲ့သည်။ ကျေးအုံ၏ လက်ကို ဆွဲရသည့် အရသာမှာ ဘယ်အရသာနှင့်မျှ မတူသည်ကို ကျွန်တော် သတိထားမိသည်။
အောင်ကျော်နှင့် မောင်ကွန်းတို့က တတွဲ၊ ကျွန်တော်နှင့် ကျေးအုံတို့က တတွဲ၊ အိမ်ပေါ်သို့ နောက်ဖေးပေါက်မှ တက်လာကြသည်။ နောက်ဖေး ဥယျာဉ်ဝယ် လူသံသူသံ ကြားသဖြင့် အောင်ကျော်၏ မိဖဖြစ်သူ ဦးဖျော်နှင့် ဒေါ်ခါဥတို့လည်း နောက်ဖေးဖက်သို့ အိမ်ဦးခန်းမှ ထွက်လာကြသည်။ ဒေါ်ခါဥမှာ ဘာမျှမပြော။ သို့သော် ဦးဖျော်မှာ "သမီးမိန်းမ မွေးရတာ တဒုက္ခဟဲ့" ဟု တဖြစ်တောက်တောက် ညည်းနေသည်။
"ကိုင်း အမေနဲ့ အဖေတို့က ဘယ်သူ့ကိုမှ အပြစ်တင်မနေနဲ့တော့။ သမီးမိန်းမပျို ဆိုတာ အချိန်တန် အရွယ်ရောက်ရင် အိမ်ထောင်ရက်သား ပေးစားလိုက်တာ အေးတယ်။ ဒီတော့ အခုလို လက်ပူးလက်ကြပ် မိတဲ့အခါ ဆူဆူပူပူ မလုပ်နဲ့ဗျာ"
အောင်ကျော်က စေတနာ ဗလဝနှင့် သူ့နှမကို ကာကွယ်လို
သည့် ဇောဖြင့် ပြောလိုက်သည်။
"မဆူဝံ့ပေါင် သားရယ်၊ မဆူဝံ့ပေါင်" ဟု ဒေါ်ခါဥက လေအေးအေးနှင့် ပြောသည်။ "မဆူဝံ့ပါဘူးကွယ်။ အမေ ဆူတတ်ရင် သူ့အကြောင်း ငါ့သား စောစောထဲက အကုန်သိပြီး ဖြစ်မှာပေါ့။ အခုတော့ အမေ တယောက်ထဲ ကျိတ်ကျိတ်ပြီး မြုံနေပေမယ့် သူ့ သန္ဓေက မကောင်းတော့ အမိလဲ မနေရ၊ အဖလဲ မနေရ၊။ ဒီအထဲမှာ မောင်သာဝေကပါ ငါတို့ အပူကို ဝင်ကူရသလို ဖြစ်တော့ ငါ အားနာလှသကွယ်"
"အားနာဖို့ မလိုပါဘူး ကြီးဒေါ်ရယ်" ဟု ကျွန်တော်က ပြန်ပြောလိုက်သည်။ ဤအချိန်အထိ ကျွန်တော်သည် ကျေးအုံ၏ လက်ကလေးကို ဆွဲထားတုန်းပင် ဖြစ်သည်။ ဖွင့်ပြောရလျှင် ကျွန်တော်သည် ကျေးအုံအပေါ် မရိုးတော့ပါ။ ကျေးအုံလို ရေဆေးငါးကို မောင်ကွန်းလို ငါးကျဉ်းခြောက် လက်သို့ အပ်ရမည်ကို နှမြောမိပါသည်။ သို့သော် လူကြီးပီပီ စကားပြောရတော့မည် ဖြစ်သောကြောင့်
"ကြီးဒေါ်ရယ်၊ ဒီလို ကိစ္စမျိုးကို ယိုးမယ်ဖွဲ့ပြီး စိတ်ဆင်းရဲ မခံပါနဲ့။ သူကြည်ဖြူရင် ပေးစားလိုက်ပေါ့" ဟူသော စကားဖြင့် နားချမိသည်။
"ဟုတ်တယ် အမေ၊ သူ ကြည်ဖြူရင် ပေးစားလိုက်တော့" ဟူ၍ အောင်ကျော်က ကျွန်တော့် စကားကို နင်း၍ လိုက်သည်။
ကျွန်တော့် စိတ်ထဲတွင် ဤစကားကို မောင်ကွန်း ကြားရပါက ဖရဏာပီတိ ဂွမ်းဆီထိလိမ့်မည်ဟု ထင်မှတ်သည်။ သို့သော် အောင်ကျော့် လက်ထဲက မောင်ကွန်းသည် မသိမသာ တွန့်သွားသည်ဟု ထင်ရသည်။
သို့သော် ကျွန်တော်တို့ အားလုံး အံ့အားသင့်မိသည့် ကိစ္စမှာ ကျေးအုံ ကိုယ်တိုင်က ခါးခါးသည်းသည်း ငြင်းခြင်း ဖြစ်သည်။
"အောင်မယ် အမေတို့ အကိုတို့က ဘယ်လို ပြောလိုက်တာလဲ။ သူ့ကို ဘယ်သူကများ ကြည်ဖြူတယ်လို့ ပြောဘူးသလဲ"
ကျေးအုံက ဤသို့ သံပြတ်နှင့် ပြောပါသည်။
"ကျုပ်က ဘယ်တုန်းကများ ဘယ်သူ့ကို ကြိုက်ဖူးလို့လဲ။ ရည်းစားတထောင် လင်ကောင်တယောက်ပါတော့"
ဒေါ်ခါဥသည် သူ့သမီးအကြောင်း သူသာသိသည်။ ထို့ကြောင့် ကျွန်တော်တို့ အံ့အားသင့်သလောက် သူ အံ့အားမသင့်ပါ။
"အေး ညည်းကတော့ ဒီလိုချည်း ပြောတာဘဲ။ ရည်းစားတွေ မှိုလိုပေါက်အောင် ထားတိုင်း လင်စံရွေးလို့ ရနိုင်တယ် အောက်မေ့သလား သမီးရယ်။ ညည်းကြိုက်ရင် ဘယ်သူနဲ့ ဖြစ်ဖြစ် ပေးစားမှာပါ။ အခုလို မျက်နှာတော့ မများလိုက်ပါနဲ့"
ဒေါ်ခါဥက လေအေးအေးနှင့် ပြောစဉ် မောင်ကွန်းသည် ရှူးရှူးရှဲရှဲ ဖြစ်လာသည်။
"တော်ပါဗျာ၊ ကျုပ်ကလဲ ဒင်းကို ယူရမှာ ကြောက်ပါတယ်။ ကျုပ်လဲ လူပျိုလူရွယ် ဆိုတော့ ဘာသာဘာဝ စမ်းတာဘဲ။ အခု ကိုကြီးအောင်ကျော်ကို အားနာလို့သာ ဘာမှ မပြောဘဲ နေတာ။ ကျုပ်အလိုမှာတော့ ကျေးအုံလို ဟာမျိုးကို မယူဝံ့တာ အမှန်ဘဲ"
မောင်ကွန်းက ဤသို့ ပြောလိုက်သောအခါ ကျေးအုံသည် အသားဆတ်ဆတ် တုန်လာသည်။ ကျွန်တော်လည်း သူ၏ လက်ကို လန့်လန့်နှင့် လွှတ်လိုက်သည်။ ကျေးအုံသည် မီးဖိုချောင်မှ ဓားမတို တချောင်းကို လှမ်းဆွဲလိုက်သည်။ မီးဖိုချောင်မှာ မှောင်၍ နေသည်။ အိမ်ဦးခန်းမှ ရေနံဆီမီးခွက်၏ အရောင်သည် မီးဖိုချောင်ကို အလင်းရောင် ကောင်းစွာမပေး။ သို့သော် ကျေးအုံကား သူသုံးနေကျ ဓားမတိုကို သူသိသည်။ ထို့ကြောင့် ထိုဓားမတိုကို လှမ်း၍ ဆွဲရာ လျင်မြန် ဖျတ်လတ်လွန်း၍ ကျွန်တော်တို့ ဘာမျှ မမြင်လိုက်ရပါ။ ဓားမတိုနှင့် မောင်ကွန်းကို လိုက်ခါမှ ကျွန်တော်တို့သည် ပျာပျာသလဲ ဖြစ်သွားပါသည်။
"ဟဲ့၊ နင်လို ကလေကချေကို စိတ်ကူးထဲ ထည့်တာ မဟုတ်ဘူးဟဲ့။ ငါက အပျော်လောက် သဘောထားတာဟဲ့၊ နားလည်ပလား" ဟု ကျေးအုံက အသံခပ်အုပ်အုပ်ဖြင့် မြည်တမ်းရင်း ဓားနှင့်လိုက်ရာ ကျေးအုံ စိတ်မြန်ပုံကို နားလည်ပြီး ဖြစ်သော မောင်ကွန်းသည် အောင်ကျော့်လက်ထဲမှ ရုန်းထွက်၍ အိမ်ရှေ့ခန်းကို ဖြတ်ကာ ကဆုန်ပေါက် ပြေးလေသည်။
မောင်ကွန်းသည် သူ့ဟာသူ ရိုးရိုးပြေးလျှင် တော်ပါ၏။ သို့သော် ခွေးသားကလေးက ရပ်သိရွာသိ ဖြစ်အောင် အော်လိုက်သေး၏။
"ဟဲ့ ကျေးအုံ၊ နင် ယောက်ျားတကာကို အပျော်ကြံတာ ငါ သိပါသဟဲ့။ နင့်တော့ တရွာလုံး ကြောက်လှပါသဟဲ့" ဟူ၍ မောင်ကွန်းက ကြော်ငြာမောင်းထုရင်း ထွက်ပြေးပါသည်။
အောင်ကျော်တို့ သားအမိကိုယ်စား ကျွန်တော် ရှက်လှပါ၏။ သို့သော် အောင်ကျော်သည် သူ့ မွေးစားနှမအပေါ် မမုန်းနိုင်သလို ကျွန်တော်ကလည်း ကျေးအုံအပေါ် မုန်း၍ မရပါ။ တကယ်ဆိုလျှင် မျက်နှာများသော ကျေးအုံကို ခိုးထုပ်ခိုးထည်နှင့် မိထားပြီးသည့်နောက် ကျွန်တော်သည် ကျေးအုံကို အရွံကြီး ရွံသင့်သည်။ သို့ပါသော်လည်း ကျေးအုံက ဒေါသတကြီးနှင့် ကျန်ရစ်ခဲ့ပြီး၊ မောင်ကွန်းကို ဓားမတိုနှင့် မပေါက်လိုက်ရသဖြင့် ဟီးချ၍ ငိုလိုက်သောအခါ ကျွန်တော်၏ ရင်ထဲတွင် ဗလောင်ဆူ၍ သွားပါသည်။ ဘာ့ကြောင့် မသိပါ။
နံနက်မိုးလင်းသောအခါ ကျေးအုံနှင့် မောင်ကွန်းတို့၏ ခွာပြဲခန်းမှာ တရွာလုံး စားမြုံ့ပြန်စရာ ဇာတ်လမ်းပမာတမျှ ဖြစ်နေပါသည်။ သို့သော် ရပ်ရွာဓလေ့အတိုင်း ကဲ့ရဲ့ပြီးသည်နောက် ခုနစ်ရက်မြောက်သော် ကျေးအုံ၏ သတင်းကို မည်သူမျှ အရေးမစိုက်တော့ပါ။ ရွာဆော်ကြီးသား မောင်ကွန်းကို သူ့အဖေက မြန်မြန် မိန်းမပေးစားလိုက်သည့် အကြောင်းသည်သာလျှင် ရွာသူရွာသားများအဖို့ စိတ်ဝင်စားစရာ ဖြစ်လာပါသည်။
တခုသော ညနေခင်းဝယ် အောင်ကျော်နှင့် ကျွန်တော်တို့ နှစ်ဦးသားသည် ထန်းတောတဖက်တွင် ချိုးတယ်ကြပါသည်။ သို့သော် တကောင်မျှ မမိပါ။
ချိုးတယ်ရင်း သူငယ်ချင်း နှစ်ယောက်သည် ကျေးအုံအကြောင်း မိုးမွှန်အောင် ပြောနေကြသည်နှင့် ချိုးတကောင်မျှ အနားမသီပါ။ တယ်ချိုးခမျာပင်လျှင် ကျွန်တော်တို့ စကားသံကို ကြားရ၍ မကူမိဟု ထင်ပါသည်။
"သာဝေရာ၊ သူငယ်ချင်းရာ၊ မင်းဘဲ စဉ်းစားကြည့်လကွာ။ ဒီအရွယ်မှာ အပြစ်တင်လို့ မဖြစ်ဘူးကွယ့်။ သွေးသား သောင်းကျန်းတုန်းအရွယ်၊ ဖိုမဓာတ်ကြောကို နား မလည့်တလည်မှာ ဒီအတိုင်း လွှတ်ထားရင် မှားသထက် မှားရော့မပ။ ငါ့မိဘတွေကလဲ အိုပြီကွယ့်။ ဒီတော့ သူ့ကို အမြဲ ထိန်းနိုင် ကျောင်းနိုင်တာ မဟုတ်တော့။ လူပျိုကာလသားတွေနဲ့ တွေ့တဲ့အခါ အငွေ့ကို ရှောင်နိုင်သော်လဲ အတွေ့မရှောင်နိုင် ဆိုတာလို ဖြစ်ရတာပေါ့ကွယ့်။ ငါကတော့ နှမအရင်းလိုဘဲ အောက်မေ့ရမှာဘဲ။ မောင်အရင်းလို စေတနာ ထားရတော့မှာဘဲ။ ဒီတော့ လူတွေက မိန်းမပေါ့ မိန်းမပျက်လို့ အစွပ်စွဲ မခံရအောင် သူငယ်ချင်းရာ မင်းကဘဲ ကူစမ်းပါ"
အောင်ကျော်က ကျွန်တော့်ကို ပတ်ချွဲနှပ်ချွဲနှင့် လှိမ့်နေပါသည်။ သူလှိမ့်နေသည်ကို ကျွန်တော် သိ၏။ သို့သော် ကျွန်တော် ဆိုသည့် ငနဲကား ဤသို့လှိမ့်ခြင်း ခံရသည်ကိုပင်လျှင် အရသာ တွေ့နေသည်။
စင်စစ် ကျွန်တော် ကျေးအုံကို လိုချင်သည်။
အမှန်မှာတော့ မလိုချင်။
အို ကျွန်တော် ဘာကို ဘယ်လိုလုပ်ပြီး ပြောရမလဲ။
ကျေးအုံ၏ လက်ကို ကိုင်တွယ်ခဲ့ရသော အတွေ့အထိ၊ ဖောဋ္ဌဗ္ဗာရုံ။ ထိုအာရုံသည် အတိုင်းမသိ သာယာ၏။ ထိုအာရုံ နောက်သို့ ကျွန်တော် လိုက်လို၏။
သို့သော် ကျေးအုံကို ကျွန်တော် ကြောက်ပါသည်။ ဘာ့ကြောင့် ကြောက်သည်ကို မပြောတတ်။ သူက ကျွန်တော့်ကို အပျော်ကြံစေဦးတော့ ကျွန်တော် ပဲ့မသွားပါ။ သို့သော် သို့သော် -
ကျွန်တော် ချီတုံချတုံ ဖြစ်နေသည်။ စေတနာဗလဝနှင့် သူ့နှမ ကောင်းတာ မြင်ချင်သော မောင်မှာ ကျွန်တော်၏ ချီတုံချတုံ ဖြစ်နေမှုကို မလိုချင်။ အတင်းပင် နေရာချနေသည်။
ထို့ကြောင့် ကျွန်တော်သည် တညသ၌ ကျေးအုံထံသို့ ဆောင်တော် ကူးမိလေသည်။ အောင်ကျော်၏ ကူညီ အားပေးမှု မပါဘဲ ကျွန်တော် ဆောင်တော်ကူးနိုင်မည် မဟုတ်သည်ကို စာရှုသူတို့ ရိပ်စားမိလောက်ပါပြီ။
ထိုညက ကျွန်တော်သည် ကျေးအုံ၏ ပါးပြင်ကို ကြူကြူမွှေးခဲ့ပါ၏။ ကျေးအုံကား တကြူကြူ မွှေးနေသည်ကို အားရ တင်းတိမ်ရောင့်ရဲခြင်း လက္ခဏာ မပြခဲ့ပါ။ သံသရာ တလျှောက်လုံး သူ့အား အစဉ်မပြတ် တကြူကြူ မွှေးနိုင်မှ သူ သဘောကျလိမ့်မည် ထင်ပါသည်။ သို့ရာတွင် ကျွန်တော်ကား တချီတချီ ဆေးပေါ့လိပ်ကို သောက်ချင်လာပါသည်။ သို့ပါသော်လည်း ဆေးလိပ်ကိုမျှပင် ဖြောင့်အောင် မသောက်ရပါ။
ကျွန်တော်နှင့် ကျေးအုံကား လင်မယားလည်း မကျ၊ သမီးရည်းစားလည်း မကတော့ပါ။
ကျွန်တော်နှင့် ကျေးအုံ ဖြစ်နေကြသည်ကို တရွာလုံး သိပြီးမှ ရိုးသားလှသော ကျွန်တော့် မိခင်ဖခင်တို့က သိကြပါသည်။
သူတို့က ကြိမ်းမောင်းကြသည်။ သို့သော် အောင်ကျော်သည် သူ့နှမကလေးအပေါ် မည်သို့ စေတနာထားပုံ၊ သူ့နှမနှင့် ပတ်သက်လျှင် ကျွန်တော့်ကိုသာ စိတ်ချပုံ၊ မိန်းမပျိုတဦး လမ်းလွဲလိုက်မှုကို တားဆီးရန် စိတ်ရည်သန်ပုံတို့ကို ကျွန်တော့် မိဖအား ဖျောင်းဖျ ပြောဆိုလေရာ အသက်သုံးဆယ် နီးလာပြီဖြစ်သော ကျွန်တော့် အပေါ်၌ မိဖတို့ကလည်း ခွင့်လွှတ်လာကြလေသည်။
ထို့ကြောင့် ကျွန်တော်သည် တနေ့သောအခါ ကျေးအုံကို တောင်းရမ်းယူရန်အတွက် အိမ်ထောင်ပစ္စည်းဝယ်ရန် ရွာမှ ထွက်၍ မြို့သို့ တက်လေသည်။
ကျွန်တော်သည် ဝါခေါင်လမှ စ၍ ရွာမှ ထွက်ခဲ့သည်။ ခရီးသွား ဟန်လွှဲ ဆိုသလို မွေ့ရာ၊ ခေါင်းအုံး၊ စောင်၊ ခုတင်တို့ကို ဝယ်ရင်း မတ်တတ်က ကုန်ကူးရန်အတွက်လည်း စီမံထားသည် ဖြစ်၍ သီတင်းဝါလကျွတ်မှ ရွာသို့ ပြန်ရန် ဖြစ်လေသည်။
သည်နေရာမှာ ကျွန်တော်၏ ကိုယ်တွေ့ကို အမှီပြုပြီး စာရှုသူ မိတ်ဆွေတို့အပေါ် လူလယ်လုပ်ကာ ဩဝါဒကထာ တခုကို မိန့်ကြားတော်မူပါရစေ။ စကားမပြောတတ်၍ ရိုင်းလှသည်ဟုလည်း မထင်ပါနှင့်။
မိတ်ဆွေ၊ သင်သည် အိမ်ထောင်ပြုရန် ခန်းဝင်ပစ္စည်း ဝယ်လိုလျှင် ခန်းဝင်ပစ္စည်းကိုသာ ဝယ်ပါ။ ကျွန်တော်ကဲ့သို့ ခန်းဝင်ပစ္စည်း ဝယ်ရင်း ကုန်မကူးပါလေနှင့်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် ကုန်ကူးရင်း ခန်းဝင်ပစ္စည်း ဝယ်မိရာ ကုန်ရှုံးသဖြင့် ခန်းဝင်ပစ္စည်းဖိုး ကြေးငွေများပါ ရှုံးသည့်အထဲ ပါသွားပါသည်။
ထို့ကြောင့် သီတင်းကျွတ်သော်လည်း အိမ်မပြန်နိုင်ပါ။ 'တန်ဆောင်မုန်းကျမှ မောင်ဖုန်းလာမယ်ဆို။ လမ်းက မယ်ကြို' ဟူသော ကျမ်းဂန် ပါဠိလာ ရှိသည့်အတိုင်း 'ချစ်နှမ ကျေးအုံရေ၊ ငါ တန်ဆောင်မုန်းကျမှ ပြန်လာမယ်။ အဲဒီအထိတော့ စောင့်ပါဦး' ဟူသော တောသူတောင်သားတို့၏ စရိုက်အတိုင်း မသွယ်ဝိုက်ဘဲ ရေးလိုက်သည့် မှာတမ်းကို ကျေးအုံထံသို့ လူကြုံပါးလိုက်ပါသည်။
များမကြာမီ ကျွန်တော် စာတစောင် ရပါ၏။ သို့သော် ထိုစာမှာ ကျေးအုံထံမှ စာမဟုတ်။ ယောက်ဖလောင်း အောင်ကျော်ထံမှ စာဖြစ်သည်။
အောင်ကျော်သည် တော်ရုံနှင့် စိတ်ဆိုးတတ်သူ မဟုတ်။ သို့သော် စာထဲတွင် ကျွန်တော့်အား ခွေးမသားဟု ဘွဲ့ထူးသညာတပ်၍ ခေါ်လိုက်သည်ကို ထောက်ရှု၍ သင်း ကျွဲမြီးတိုနေသည်ဟု ကျွန်တော် ခန့်မှန်းမိပါ၏။
သူ၏ ဆဲရေးသော စကားအချို့ကို ချန်လှပ်၍ သူ့စာ အရင်းတိုင်းကို ဖော်ပြရသော် အောက်ပါအတိုင်း ဖြစ်ပါ၏။
'x x x မင်းလောက် နွားကျတဲ့ အကောင်ကို ငါ ခုမှဘဲ တွေ့ရတော့တယ်။ ဘယ့်နှယ်ကွာ၊ ခန်းဝင်ပစ္စည်း ဝယ်ပါဆို ကုန်ရှုံးနေရတာနဲ့။ ကျေးအုံက မင်းကို မစောင့်နိုင်လို့ လိုက်ပြေးပြီ။ ငါဟာ ကျေးအုံ အပေါ်သာ စေတနာ ထားခဲ့တာ မဟုတ်ဘူး။ မင်းကိုလဲ ညီရင်းအကိုလို စေတနာထားလွန်းလို့ ငါကိုယ်တိုင် ၅၂၈ မက ချစ်နေတဲ့ဥစ္စာ မင်းကို ရေစက်ချ လှူဒါန်းလိုက်တယ်။ မင်း သောက်သုံးမကျတော့ မြို့က ယောင်သုံးဆယ် ပွဲစားတကောင်နဲ့ လိုက်ပြေးပြီ။ သူနဲ့ လိုက်ပြေးတဲ့ အကောင်ကလဲ ပွဲစားလို့သာ ဆိုတယ်၊ စပါးပွဲစားလား၊ လူပွဲစားလား ငါမသိဘူး။ လူပွဲစား ဆိုရင်တော့ ဖာတန်းမှာ လိုက်ပြီး ရွေးယူရတော့မှာဘဲ။'
ကျွန်တော်၏ ဘေးပတ်လည်ရှိ စကြာဝဠာ တခုလုံးသည် ချာချာလည်၍ သွားပါသည်။
ကျေးအုံ၊ နင့်ကို ဒါကြောင့် ငါ မလိုချင်။ အင်း၊ စင်စစ်ကိုလဲ လိုချင်ပါ၏။ ယခုတော့ အားလုံး သောက်ဂွ။
ကျွန်တော်သည် ဖဲမွေ့ရာတမျှ နူးညံ့လှသည်ဟု ထင်ရသော ဝါးပိုး ကွပ်ပျစ်ကလေးပေါ်တွင် ကျေးအုံနှင့် ရွှေလည်တွဲရင်း ကမ္ဘာလောကကြီးကို မေ့လိုက်သည့် အကြောင်းခြင်းရာတို့ကို ပြန်လှန် တွေးတောမိပါသည်။ ထိုအခါ ကျေးအုံသည် ကျွန်တော့်အား ချစ်ပြီးရင်း ချစ်ချင်သည့် သဘောတရားတို့ကို ညွှန်းဆို ပြသခဲ့ကြောင်း ပြန်ပြောင်း တွေးတောမိပါ၏။ သည်အခါကျတော့မှ နောင်တရမိသည်။ စင်စစ် သူသည် ချစ်ဒုက္ခထဲ၌ တဝဲဝဲ တလည်လည် ဒုက္ခခံလိုသူ တယောက် မဟုတ်ပါလော။ သည်အချက်ကိုမျှ သဘောမပေါက်မိသည့် ကျွန်တော်သည် ကျေးအုံကို တလမျှမကပဲ သုံးလေးလ ကင်း၍ ခွါမိခဲ့သည်။ ကျွန်တော်၏ မဟာ အမှားတော်။
ကျွန်တော်သည် ရွာကို မပြန်နိုင်တော့ပါ။
စိတ်ထဲတွင် ကျေးအုံကို မြည်တမ်းရင်း ကျွန်တော် ရောက်ရာအရပ်၌ ကျေးအုံနှင့်တူသော မိန်းမတို့ကို ရှာခဲ့သည်။ စိတ်တိုင်းကျကို မတွေ့သည့် တနေ့၌ မြို့တမြို့ရှိ ကြေးရေတတ် အဒေါ်ကြီး တဦးက ပဉ္စင်းအမ လုပ်ချင်သောကြောင့် ကျွန်တော်လည်း အဒေါ်ကြီး၏ မောင်ပဉ္စင်း ဖြစ်ခဲ့ရ၏။
ပဉ္စင်းဘဝ ရောက်ခါမှပင် စာသံပေသံနှင့် ယပ်လှဲတရားများကို ဟောတတ်တော့သည်။ ထို့ကြောင့်လည်း ကျွန်တော် ယခု ကိုယ့်အကြောင်းကို စီကာပတ်ကုံး မှတ်တမ်းတင်နိုင်ခြင်းပင် ဖြစ်သည်။
ကျွန်တော်၏ စိတ်ထဲတွင် ကျေးအုံကို မှတ်တမ်းတင်လျက် ရှိပါသည်။ ထို့ကြောင့် ပဉ္စင်းဘဝ၌ပင်လျှင် ကျေးအုံကဲ့သို့ သေးသေးသွယ်သွယ် ကိုယ်ကာယအလှရှိသူ မိန်းမတို့ကို လိုက်၍ ရှာခဲ့ပါ၏။ သို့သော် မတွေ့။
နောက်ဆုံး၌ ကျေးအုံနှင့် ဆင်တူယိုးမှား ဖြစ်လိမ့်မည်ဟု ထင်ရသော ပဉ္စင်းအမ၏ သမီးနှင့်ပင် ညားရပါတော့သည်။
ပဉ္စင်းအမ၏ သမီးမှာ ဝဝတုတ်တုတ်။ ကျေးအုံမှာ သွယ်သွယ်သေးသေး။ သို့သော် ၄င်းဝတုတ်ကလေးမှာ တသားမွေး၍ တသွေးလှလာသည့်အခါ ကျေးအုံလို သွယ်သွယ်သေးသေး ဖြစ်လာလိမ့်မည် ဟူသော ထင်ကြေးကြောင့် ကျေးအုံနှင့် ဆင်တူယိုးမှားဟု ကျွန်တော် ဆိုခဲ့ခြင်း ဖြစ်သည်။ အမှန်မှာ ကျွန်တော့် မိန်းမသည် သားဦးတယောက် မွေးပြီးသည့်နောက် အဆီတထပ် အသားတထပ် တိုးကာ ဝက်ပျိုမကြီးကဲ့သို့ ဝ၍ ဆူဖြိုးလာပါသည်။
အိမ်က မအဝှာ ဆူဖြိုးလာလေလေ၊ ကျေးအုံကို သတိရလေလေ ဖြစ်မိသည်။ ထို့ကြောင့် သုံးနှစ်သုံးမိုးမျှ ခွဲခွါလာခဲ့ရသော အမိနှင့် အဖတို့အား ချွေးမပြရန်အတွက်ဟု အကြောင်းပြပြီးလျှင် ကျွန်တော်သည် မိဖရပ်ထံ သားနှင့်မယားပါ ခေါ်ဆောင်၍ လာခဲ့ပါသည်။
ကျေးအုံကား မြို့ကြီးသားနှင့် လင့်နောက် လိုက်ပြေးပြီဖြစ်၍ တွေ့ရန် ခဲယဉ်းသည် မှန်ပါ၏။ သို့သော် သူရှိရာအရပ်သို့ ရောက်လျှင် စိတ်ပြေလက်ပျောက် ဖြစ်တန်ကောင်းပါ၏။
သို့ရာတွင် ငယ်စဉ်ကထက် သီသီကလေး ဝဖြိုးနေသော ကျေးအုံကို သူ၏ လင်တော်မောင် ငတိုးနှင့်အတူ အောင်ကျော်၏အိမ်ထက်တွင် ကျွန်တော် တွေ့ရသောအခါ ကျွန်တော် ဟစ်၍ငိုကာ ရယ်ပစ်လိုက်ချင်ပါသည်။
အဘယ့်ကြောင့်ဟူမူ ငတိုးမှာ ကျွန်တော့်အိမ်တွင် ခိုင်းစေထားသောသူ ဖြစ်သည်။ ကျွန်တော် ထင်မြင်မိသော မြို့ကြီးသား မဟုတ်ချေ။
ကျေးအုံမှာ မြို့ကြီးသားနှင့် လင့်နောက် လိုက်သွားပြီ ဆိုပြီးမှ ကျွန်တော့်အိမ်က စာရင်းငှါး ငတိုးနှင့် ရသည်ဆိုသည်မှာ ကျွန်တော့်အဖို့ ငိုချင်လျှင်လည်း ငို၍ရသော အကြောင်း၊ ရယ်ချင်လည်း ရယ်၍ရသော အကြောင်း ဖြစ်ပေသည်။
ထို့ကြောင့် ကျွန်တော်က အောင်ကျော့်အား သနစ်စုံကို မေးကြည့်မိသည်။
"ဟေ့ အောင်ကျော်ရ၊ မင့်းဇာတ်က ရှုပ်ရှုပ်လာတယ်ကွ။ ငါတောင်မှ မျက်စိလယ်ကုန်ပြီ၊ ပြောစမ်းကွယ် အစုံ"
"အစုံပြောရရင် ခုနှစ်ရက်နဲ့ မပြီးဘူးကွယ့်။ ငါကတော့ မောင်ကြီးအရာမှာ တည်တယ်။ ဒီတော့ စေတနာ ထားရသကွယ့်။ ဒါကြောင့် မင်းပင် မရှိသော်လဲ မင်းရဲ့ လက်စွဲတော် ငတိုးကိုပဲ မင်းကိုယ်စားလို အသုံးချလိုက်ရတယ်။ စာရင်းငှါးတွေထဲမှာ မင်းဟာ ငတိုးကို အချစ်ဆုံး မဟုတ်လား"
"ဟုတ်တယ်၊ သူဟာ ငါတို့ရဲ့ အခိုင်းအစေ ဆိုပေမယ့် ငါ့ညီနဲ့ မခြားပါဘူးကွယ့်"
"အဲဒီတော့ မင်းချစ်တဲ့ ငတိုးကို မင်းချစ်တဲ့ ကျေးအုံနဲ့ ပေးစားလိုက်တော့ မင်းဘာမှ ပြောစရာ မရှိဘူး မဟုတ်လား"
"ဒါကို ငါ ဘယ်လိုမှ မအောက်မေ့တဲ့အပြင် ဝမ်းတောင်သာတယ်။ နို့ပေမယ့် ငါ နားမလည်တာက မြို့က ပွဲစားနဲ့ လိုက်ပြေးပြီး ဘယ့်နှယ် ငတိုးနဲ့ ညားရတာလဲ"
"ဟေ့ သာဝေရဲ့၊ ဒါကို ပြောရရင် ခုနစ်ညနဲ့ မပြီးဘူးကွယ့်။ ကျေးအုံကို မင်းကြည့်စမ်း။ နဲနဲလောက် ဖြိုးလာတယ်လို့ မင်း မထင်မိဘူးလား"
"မင်းက လေမဖောစမ်းနဲ့ လကွယ်။ ဒင်းမှာ ကိုယ်ဝန်ရှိတော့ ဝမှာပေါ့ လဟဲ့"
"မင်း အဲဒါကြောင့် အူတာဘဲ။ ကိုယ်ဝန်ကြောင့် ဝတာ မဟုတ်ဖူး။ ပြဒါးကြောင့် ဝ နေတာ"
အောင်ကျော်ဆိုသော ငနဲသည် ကျွန်တော် စိတ်ရှုပ်သည်ထက် ရှုပ်အောင် လုပ်၍ နေပါသည်။ ကျွန်တော် စိတ်မရှည်ပါ။ ထို့ကြောင့် ငယ်ငယ်ကလိုပင် သူ့အား ဆဲရေးတိုင်းထွာကာ အကြောင်းရင်းတို့ကို တိုတိုနှင့် လိုရင်းရောက်အောင် အပြောခိုင်းပါသည်။
ကျေးအုံနှင့် လိုက်ပြေးသော မြို့ကြီးသား ပွဲစားဆိုသည်မှာ အောင်ကျော် အကဲခတ်သည့်အတိုင်း လူပွဲစား ဖြစ်ပါသည်။ ၄င်းလူပွဲစား လက်ထဲတွင် ကျေးတောသူမကလေး ကျေးအုံသည် ရွှေပုံပေါ် စံနေရသော သဌေးသမီးပမာတမျှ သုံးလေးလလောက် စံခဲ့ပါသည်။ ကျေးအုံမှာ အ တတ န တတ နှင့်မို့ သူ့ယောက်ျား ညည အပြင်ထွက်၍ ပိုက်ဆံရှာသည့် အလုပ်ကို ဘာအလုပ်ဟု မသိ၊ ကျေနပ်၍ နေလေသည်။ သို့သော် ညစဉ်ညတိုင်းလို အပြင်ထွက်ပါ များလေသော် ကျေးအုံသည် နေမထိ ထိုင်မသာ ဖြစ်၍ လာပြန်သည်။ ထို့ကြောင့် သူ့လင်အပေါ် ကနွဲ့ကယ လုပ်ကြည့်သည်။ သို့သော် လင်တော်မောင် လူပွဲစားအဖို့ ကျေးအုံ၏ ကြာခြည်သဘာဝတို့မှာ အနုပညာမြောက်လှပြီဟု မယူဆနိုင်ချေ။ ထို့ကြောင့် ထိုညက လင်မယား စကားများရာက အငှါးထည့်လိုက်သော ကိန်းသို့ ဆိုက်ရောက်ခဲ့သည်။
သို့သော် ကျေးအုံမှာ အလွန်ကံကောင်းလှသည်။
အောင်ကျော်၏ ပိရိသော အကြံအစည်နှင့် စီမံမှုတို့ကြောင့် ပြည့်တန်ဆာမ အလောင်းအလျာ ဖြစ်သော ကျေးအုံသည် လူမသမာတို့၏ လက်ထဲ မကျရောက်ဘဲ အောင်ကျော် ချိတ်ဆက်လုပ်ထားသည့် ကာလသားများ လက်ထဲသို့ ရောက်ခဲ့သည်။ ယင်းသို့ ရောက်သည်နှင့် တပြိုင်နက် အောင်ကျော်သည် သူ့မွေးစားနှမ ကျေးအုံကို ရွာအရောက် ပြန်၍ ခိုးလာသည်။
“ဒါတွေ ငါစီစဉ်တာ ငါစွမ်းလှလို့ မဟုတ်ဘူး။ ငါ့မိတ်ဆွေ
ဆဗ်အင်စပက်တော် တယောက်ရဲ့ ဉာဏ်စွမ်းကြောင့်ပါပဲ။ သူ့ကို ကျေးဇူးတင်လို့ မဆုံးပါဘူးကွယ်။ ကျေးအုံရဲ့ လူပွဲစားငနဲက သူ့မယားကို ခိုးပါတယ် ဆိုပြီး ငါတို့ကို ဂတ်တိုင်ဘို့ လုပ်သေးတယ်။ အဲဒီတုန်းကတော့ ကျေးအုံဟာ သူ့လင့် အကြောင်းကို သူ မသိသေးဘဲ သူ့လင်ဘက်ကို ပါရင် ဒီအချိန်မှာ ငါ ထောင်ထဲက ထွက်ရအုံးမှာ မဟုတ်ဘူး။ ကျေးအုံက အခုမှ အကြောင်းသိတော့ သူ့လင်ကိုသူ စိတ်နာနာနဲ့ ဖြစ်သမျှ အကြောင်းကို ဂတ်မှာ ဖွင့်ချတယ်။ ဒီတော့ လူကုန်ကူးသူ မြို့ကြီးသားလဲ သူ့အပြစ်သူ နားလည်ထားတော့ ငါတို့ကို ဒုက္ခမရှာတော့ဘူးကွယ့်”
အောင်ကျော်က ဤသို့ ပြောပါသည်။
ထိုအခါ စိတ်မရှည်နိုင်သော ကျွန်တော်က “မင်းနှယ်ကွာ၊ ကိုယ့်နှမကိုယ် သူတပါး လက်ထဲက ပြန်ခိုးခဲ့ရပြီးတဲ့နောက် ကိုယ့်ဟာကိုယ်ဘဲ ယူထား လိုက်ပါတော့လား” ဟု ပြောမိသည်။
“ဟေ့ သာဝေ။ မင့်းပါးစပ်ပုပ်ကြီးနဲ့ မပြောစမ်းနဲ့။ သူဟာ ငါနဲ့ ဘာမှ သွေးသားမစပ်တော့ ငါယူမယ်ဆိုရင် ယူသင့်ပါရဲ့။ ဒါပေမယ့် အရပ်ကိုလဲ အားနာရသေး သကွယ့်။ ဒီအထဲမှာ ကျေးအုံက သူ့လင်ဆီက ရောဂါပါလာလို့ ခြောက်လလောက် အလူးအလဲ ခံရတယ်”
“အဲဒီတော့မှ မင်း စိတ်ပျက်ပြီး ငတိုးကို လှည်းကျိုး ဝင်ထမ်းခိုင်းတယ် မဟုတ်လား”
“ပြောတာ ဆုံးအောင် နားထောင်ပါအုံးကွာ။ ခြောက်လလောက် ငဖောင်ရိုးလို ဖြစ်နေပေမယ့် ငါဟာ ကျေးအုံအပေါ် စေတနာ မချို့ခဲ့ပါဘူး။ ငါကိုယ်တိုင် ဗိန္ဓောဆရာ လုပ်ပြီး သူ့ကို ကုပေးရသေးတယ်။ မင်း မှတ်မိတယ် မဟုတ်လားကွာ၊ ဒို့ ပဇ္ဇောတာရုံမှာတုန်းက ဦးပဉ္စင်း ဦးနန္ဒိယရဲ့ ဆေးမီးတို လကွယ်။ ဟင်းရိုင်း၊ ကန့်၊ ဒုဋ္ဌာ၊ ဇဝက်သာ ပါတဲ့ ဆေးကွာ။ သတ္တက္ခတ္တုံလေ။ အဲဒါနဲ့ ငါကုလိုက်တာ ပြဒါးတွေ ဘာတွေ ထွက်ပြီး သွားတွေတောင် အကုန်ကျွတ်ကျရော အောက်မေ့တယ်။ နောက် ပြဒါးခိုး သေသွားတော့ ဟော အခု မင်း မြင်တဲ့အတိုင်းဘဲ”
မှန်၏။ ကျွန်တော် မြင်သည့်အတိုင်း ဝဝဖြိုးဖြိုးနှင့် ကျေးအုံမှာ ရေဆေးပြီးသား ငါးရံ့ပမာတမျှ။
ကျွန်တော်၏ စိတ်တို့သည် အမှန်ပင် ဗရောက်ဗရက် ဖြစ်လာပါသည်။ ကျွန်တော်တို့ နှစ်ဦးသား စကားပြောနေစဉ် ကျေးအုံသည် ကျွန်တော့်ကို ခိုး၍ ကြည့်သည်။ သူ ခိုးကြည့်သည်ကို ကျွန်တော် ခဏခဏ လက်ပူးလက်ကြပ် မိပါသည်။ မမိလျှင် ခံနိုင်ပါ့မလား။ ကျွန်တော်ကိုယ်တိုင် ကလည်း သူ့ကို ခိုး၍ ကြည့်မိတာကိုး။
အောင်ကျော့် အပြောမှာ ကျေးအုံ ကျန်းမာလာသည့် အချိန်အတွင်း ငတိုးကို တောင်းပန်တိုးလျှို ပြောဆို၍ ကျေးအုံနှင့် နေရာချလိုက်သည်ဟု ဆိုပါသည်။
ကျွန်တော်သည် ကျေးအုံကို ပြန်တွေ့ခိုက်၌ မူလက ခပ်အမ်းအမ်း ဖြစ်နေစေကာမူ ဓာတ်သိချင်း ဖြစ်သောကြောင့် ရွာရောက်ပြီး တလလောက် ကြာလျှင်ပင် ရှေးကကဲ့သို့ပင် ပြန်၍ ရင်းနှီးသွားပါသည်။ ကျွန်တော်က ကျေးအုံကို တွေ့သည့်အခါတိုင်း ခန်းဝင်ပစ္စည်း ဝယ်ရင်းမတ်တတ် ကုန်ကူးမိသည့် အမှားကို သူ စိတ်ကြေအောင် တောင်းပန်မိသည်။ သို့သော် ကျေးအုံ အဖို့ကား ထိုပြီးခဲ့သော ကိစ္စကို အနည်းငယ်မျှ ဂရုစိုက်ပုံ မပေါ်။ ကျွန်တော့်အား အချစ်ဦးကြီး၊ ရည်းစားဦးကြီး ပမာတမျှ ထား၍ တမ်းတ လွမ်းဆွေးသော အမူအရာလည်း မရှိ။
သို့သော် သူ့လင်တော်မောင် ငတိုးနှင့်လည်း အလွန် နှစ်သက်အားရ ကျေနပ်လှပြီ ဟူသော အမူအရာကိုလည်း မပြ။ ငတိုးမှာ မူလကပင်လျှင် သူတပါး ခိုင်းသမျှကိုသာ နာခံတတ်သူဖြစ်ရာ ကျေးအုံ၏ လက်ခုပ်ထဲတွင် ရေပမာ ဖြစ်နေရှာသည်။
ကျေးအုံက “ဟင်း” ဟု တချက်ငေါက်လျှင် ငတိုးသည် နားရွက်ကုပ်၍ သွားတတ်သည်။
ကျွန်တော်က သည်ကဲ့သို့ လင်နိုင်သော သဘာဝကို မကြိုက်။ ထို့ကြောင့် “ကျေးအုံရယ်၊ ကိုယ့်လင် ကိုယ့်သား ဖြစ်လာတဲ့နောက် နင် ငတိုးကို မနိုင်ချင်စမ်းပါနဲ့။ ငါ့လက်အောက်မှာ ငတိုးဟာ ဟဲ့လို့မှ အငေါက် မခံရဖူးပါဘူး” ဟု ပြောမိသည်။ ထိုအခါ ကျေးအုံသည် ထဘီကို စွန်တောင်ဆွဲကာ ကျွန်တော့်ကိုပါ ရန်တွေ့ လေတော့သည်။
“တော်ပါ မောင်ကြီး သာဝေရဲ့၊ မောင်ကြီးလူကို ထိတာ နာရင် ပြန်ခေါ်သွားပါ။ တော့်လူက လူမှ မဟုတ်ဘဲ။ သစ်တုံးကြီးတော့်၊ သစ်တုံးကြီး”
ကျေးအုံ ဤသို့ ပြောပြီး ငိုပါတော့သည်။
ကျွန်တော်လည်း သူ့အနားမှာ မနေတတ် မထိုင်တတ် ဖြစ်လာသဖြင့် အောင်ကျော်၏ မိဖများရှိရာသို့ စကားရော ဖွဲရောလုပ်ကာ လှည့်ထွက်လာခဲ့သည်။
ကျွန်တော် ယခုလို မြန်မြန် လှည့်ထွက်လာသည်မှာ ကောင်းသည်။ သို့မဟုတ်လျှင် ကျွန်တော်သည် ကိုယ့်စိတ်ကို ကိုယ်ထိန်းနိုင်ဖို့ ခဲယဉ်းလိမ့်မည်။
ကျွန်တော်သည် ကျေးအုံ၏ ရူပါရုံ ရေယဉ်ကျောတွင် မျောနေခဲ့သည်။ ကျွန်တော် ဤသို့ မျောနေသည်ကို ကျွန်တော့်မိန်းမ ရိပ်မိလိမ့်မည်ဟု မထင်ခဲ့။ သို့သော် မိန်းမဆိုသဟာ ဘယ်လိုဟာမျိုးလည်း မသိ။ ကျွန်တော်တို့ ယောက်ျားများက ဘယ်သူမှ မသိနိုင်ဟု ယူဆသော ကိစ္စကို သူတို့ ပေါက်ပေါက်ရှာရှာ သိတတ်သည်။ ထို့ကြောင့် ကျွန်တော်နှင့် ကျေးအုံတို့ နှစ်ဦးသား အောင်ကျော်၏ မိဖများအိမ်မှာ မကြာခဏ ဆုံတွေ့ကြသည်ကို ကျွန်တော့်မိန်းမ ရိပ်မိသွားသည်။ ရိပ်မိရုံမျှမက ကျွန်တော်တို့ နှစ်ဦးသား ရှေးဟောင်းနှောင်းဖြစ် စကားပြော နေကြသည်ကိုပင် ကျွန်တော့်မိန်းမ မိသွားသည်။
ကျွန်တော်သည် ကျေးအုံ၏ ရူပါရုံညွှတ်ကွင်းသို့ သက်ဆင်းခဲ့မိသည် မှန်သော်လည်း ဒု သ န သော ကို အမှန်ကြောက်တတ်သူ ဖြစ်ပါသည်။ အောင်ကျော်နှင့် ငတိုးတို့ကိုယ်တိုင် ကျွန်တော်၏ သမာဓိကို ဒွိဟမရှိခဲ့ပါ။ သို့သော် ကျွန်တော့်မိန်းမ၏ ဒွိဟကိုမူ ကျွန်တော်က ပြေအောင် မဖြေနိုင်ပါ။ ထို့အတွက်ကြောင့် ကျေးအုံ၏ ရူပါရုံထောင်ချောက်မှ ဝေးရလေအောင် ကျွန်တော့်မိန်းမ၏ မိဖရပ်ဌာန်ကို ပြန်ကြပါသည်။
ကျေးအုံနှင့် ဤတွင် ရေစက်ကုန်ခဲ့လျှင် ကျွန်တော် စိတ်ချမ်းသာမည်။ သို့ရာတွင် နဖူးစာ ဆိုသည်မှာ အတော်ခက်သည်။ ပြန်လည် ဆုံတွေ့လိုသော ဆန္ဒရှိလျှင် ဆုံတွေ့ရဖို့ ခက်ကောင်းခက်မည်။ မဆုံချင်ပြန်သော အခါ၌ကား ပြန်၍ ဆုံရတတ်သည်။
အကြောင်းမှာမူ ကျွန်တော်သည် ကျေးအုံနှင့်တကွ အောင်ကျော်ကိုပါ ကျွန်တော့်မိန်းမ မိဖများ၏ ရွာ၌ ပြန်လည် ဆုံတွေ့ရရုံမျှမက သူတို့နှစ်ဦးသား ကိုပင် တလသေသေ တလဆန်းဆန်း ကျွေးမွေးထားရသည့် အခြေသို့ ဆိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ကျေးအုံ၏လင်မှာ ငတိုးဖြစ်သည်။ သို့သော် ယခု အောင်ကျော်သည် ကျေးအုံနှင့်တွဲ၍ ကျွန်တော်၏ အိမ်ပေါ်သို့ ပိုင်စိုးပိုင်နင်း တက်လာသည်။ စာရှုသူတို့ စိတ်ထဲမှာ အတော်ပင် ဇာတ်လမ်း ရှုပ်ထွေး သွားလိမ့်မည် ထင်ပါသည်။ စင်စစ် ကျွန်တော် ကိုယ်တိုင်လည်း ကိုယ့်ဇာတ်လမ်းကို ကိုယ် မမှတ်မိနိုင်လောက်အောင် ဖြစ်သွားပါသည်။ ထို့ကြောင့် သူတို့နှစ်ဦးသား ကျွန်တော့် အိမ်ပေါ်သို့ တက်လာကြသောအခါ ကျွန်တော်ကပင် စတင်၍
“နေပါအုံးကွ အောင်ကျော်ရ၊ ကျေးအုံ့ ယောက်ျားကော ဘယ်မှာလဲ” ဟု မေးမိသည်။
အောင်ကျော်ဆိုသော ငနဲက စပ်ဖြဲဖြဲ လုပ်နေသည်။
“ဒီမှာပေါ့ကွ၊ ဒီမှာ” ဟု အောင်ကျော်က သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။
ထိုအခါ ကျွန်တော့်မိန်းမက “ဒီမယ် ကိုအောင်ကျော်၊ ရှင်တို့ဥစ္စာ ရှုပ်ရှုပ်ပွေပွေ နိုင်လှချည့်လား” ဟု ဝင်တောလိုက်သည်။
ကျွန်တော်သည် ကျွန်တော်၏ ငယ်သူငယ်ချင်းကို ကျွန်တော့်မိန်းမက မရှုစိမ့်ဘိသကဲ့သို့ ပြောခြင်းကို မနှစ်သက်ပါ။
“ဟေ့၊ ဟေ့၊ မချစ်စု၊ ဒီမယ် မိန်းမရဲ့။ မင့်းအတွက်ကြောင့် သူငယ်ချင်း မေတ္တာ မပျက်ပါရစေနဲ့။ မင်း သတိထား စကားပြောပါ” ဟု ငေါက်လိုက်သည်။ ကျွန်တော့်မိန်းမက “အမလေး၊ ကျွန်မက ရှင်တို့ သူငယ်ချင်း စပ်ကြားကို ဝင်ပြီး ဂုံးတိုက်တဲ့အစား မဟုတ်ပါဘူးရှင်။ ကိုသာဝေ၊ ရှင် ချစ်စုအကြောင်း မသိသေးဘူးလားဟင်။ လင်က ကြည်ဖြူတာကို ကျုပ်လဲ ကြည်ဖြူနိုင်ပါသတော့။ အခု ရှင်ပြောပုံက ကိုရင်အောင်ကျော်ကို ကျုပ်က မလိုတမာရှိလို့ ပြောသလိုလို ဖြစ်နေပါပကော။ အမှန်တော့ ကျုပ်က ဇာတ်ရှုပ်ကြီးကို နားမလည်လို့ နားလည်အောင် ရှင်းပြစေချင်သတော့” ဟု ကျွန်တော့်အား ကက်ကက်လန်အောင် ရန်တွေ့ပါသည်။
အောင်ကျော်က သက်ပြင်း ဟီးကနဲ ချလိုက်သည်။
“မချစ်စုရယ်၊ အပြစ်တင်ရင်လဲ ခံရမှာဘဲ။ အခု ဖြစ်သမျှဟာ စေတနာ အကျိုးပေးချည်း ပါဘဲကွယ့်။ ကံပစ်ချတဲ့အတိုင်းမို့ စိတ်လဲ မဆိုးနဲ့ဟေ့။ ဒို့အကြောင်း ပြောရင် ပုဂံရာဇဝင် တုတ်ထမ်း ပြောရတာထက် ကဲလိမ့်မယ်”
အောင်ကျော်သည် ဤသို့ နိဒါန်းချီပြီး သူ့အဖြစ်ကို ဇာတ်ကြောင်း လှန်သည်။ လှန်သမျှ ဇာတ်ကြောင်းမှာ ကြည့်မကောင်းလှပါ။
ကျွန်တော်တို့ ရွာမှ ပြန်လာပြီးသည့်နောက် ကျေးအုံသည် သူ့လင် ငတိုးအပေါ် ပို၍ အနိုင်ကျင့်သည်ဟု အောင်ကျော်က ပြောပါသည်။ “ဟဲ့ သစ်တုံးကြီး၊ ဟဲ့ ငုတ်တိုကြီး” ဟု ငတိုးကို မှိုချိုးမျှစ်ချိုး ချိုးလာပါသည်။ ဤသို့ ချိုးရုံမျှမက ငတိုးကို ညဉ့်အိပ်ညဉ့်နေ တရွာတကျေးသို့ ထွက်၍ အလုပ် လုပ်ခိုင်းသည်။
ငတိုးအိမ်၌ မရှိသည့်အခါ ကျေးအုံ၏အိပ်ခန်းမှ ည ည ချွတ်ချွတ်သံ ကြားရသည်။
တညတွင် ကျေးအုံ၏ အိပ်ခန်းထဲသို့ လူတယောက် ဝင်သွား သယောင်ယောင် အောင်ကျော် မြင်လိုက်သည်။ အောင်ကျော် စိတ်ထဲ၌ ငတိုး ပြန်လာသည်ဟု ထင်သည်။ သို့သော် နံနက်လင်း၌ ငတိုး ပြန်မလာပါ။
သည်တွင်မှ အောင်ကျော် သင်္ကာမကင်း ဖြစ်လာ၍ ညအခါ ချောင်းဖမ်းသည်။ ကျေးအုံကို ခိုးထုပ်ခိုးထည်နှင့် မိပြန်သည်။ ကျေးအုံ၏ လင်ငယ်မှာ အခြားမဟုတ်၊ သူကြီးသား လူပျိုပေါက်စလေး ဖြစ်သည်။
“ငါက မိပေမယ့် ကျေးအုံအပေါ် စေတနာ မကွက်နိုင်သေးဖူးကွယ့်။ သူ ဒီအကျင့် ရှိတယ်။ ရှိတာဟာ သူ့လင်ကိုက အဟုတ်ပဲ သစ်တုံးကြီးလို သစ်ငုတ်တိုကြီးလို မလှုပ်မယှက် သမားမို့ပဲလို့ ငါ တွေးမိတယ်။ အခုလို ခိုးထုပ်ခိုးထည်နဲ့ မိတာကို ငါက ရပ်သူရွာသား ကြားအောင် အော်ကျယ် အော်ကျယ်လုပ်ရင် ကျေးအုံတို့ လင်မယား သက်သက် အခြင်းများမယ် မဟုတ်လား။ ဒီတော့ ငါက သင်းတို့အပေါ် စေတနာဗလပွ ထားပြီး လင်ငယ် နောက်ဖေးပေါက်က ဆင်းသွားတာကို ခလုတ်တိုက် လဲမှာစိုးလို့ မှန်အိမ်ဆွဲပြီး ပြလိုက်သေးသကွ”
အောင်ကျော်က ယင်းသို့ပြောပြီး တံတွေးပြစ်ပြစ် ထွေးကာ တောက်ခေါက်လိုက်သည်။
“ထွီ၊ ငါက စေတနာ ထားပါလျက်ကနဲ့ လူတွေကလဲ သောက်သုံး မကျပါဘူးကွာ။ ဟို ခွေးမသား သူကြီးသားက ပါးစပ်မောင်း ခတ်သကွယ့်။ ကျေးအုံကို သူ ရတယ်ဆိုပြီး သင်းတို့ ကာလသား အချင်းချင်း လျှောက်ပြောတယ်။ ပြောတဲ့အထဲမှာ ငါကဘဲ အလိုတူ အလိုပါမို့ မီးခွက်ကိုင်ပြီး အောက်စောင့် လုပ်သလိုလို ပြောတယ်။ အဲဒါကို ကိုယ်တော်မြတ် ငတိုးက ကြားတော့ တုတ်တပျက် ဓားတပျက်နဲ့။ ငါ ထိုင်ပြီး ရှိခိုးရမလောက် ရှင်းပြရသေးတယ်။ ဒါပေမယ့် လွန်တဲ့ဟာ အဖတ်ဆယ် မရတော့ပါဘူးကွယ်။ ဒါနဲ့ဘဲ ငတိုးလဲ ငါ ရှိခိုးဦးတင် တောင်းပန်တဲ့ ကြားထဲက ကျေးအုံကိုစွန့်ပြီး ပြေးပါလေရော။ ငါတို့မလဲ ကျေးအုံကြောင့် တရှက်က နှစ်ရှက် ကွဲခဲ့ကြရတာချည်းပဲ။ အဲဒီအထဲမှာ ငါတို့ကို မိဖနှစ်ပါးက မျက်နှာလွှဲခဲ့ပြန်ပြီ”
“ဘယ်လိုလဲဟ။ ဘကြီးနဲ့ ကြီးဒေါ်တို့ ရွာမှာရှိတယ် မဟုတ်လား”
“မနှစ်က ကတဲက ဆုံးတယ်။ မင်းကိုတောင် အကြောင်းမကြား နိုင်ပါဘူးကွယ်။ သူတို့နှစ်ဦးစလုံး ဆုံးတော့ ငါတို့မှာ မောင်နှမ နှစ်ယောက်လို နေတာဘဲကွယ့်။ ဒါပေမယ့် ငါ့မှာ စေတနာအလျောက် မီးတိုင်ကိုင်ပြတဲ့ အောက်စောင့် ဘဝကို ခဏခဏ ရောက်ရဘို့ကိန်း ကြုံကြုံလာတယ်။ ဒီတော့ ကြာရင် ကျေးအုံဟာ အဖတ်ဆယ်လို့ ရမှာ မဟုတ်တော့ဘူး။ ဒီတော့ ဘာပဲဖြစ်ဖြစ် ငါ့စေတနာ ဖြူစင်ရင် ပြီးတာပဲ။ ခုမှတော့ မထူးပါဘူးဆိုပြီး ငါလဲ ငါ့မွေးစားနှမကို ငါယူမယ်လို့ ငါ့ဟာငါ စိတ်ကူးပေါက်ပြီး ရွာမိရွာဖတွေကို ဖိတ်ကြားလို့မို့ တင့်တောင့်တင့်တယ် မင်္ဂလာ ဆောင်လိုက်တာပဲ”
“သာဓုကွယ် သာဓု၊ မင်း ဒီလို အဖတ်ဆယ်လိုက်လို့ ကျေးအုံလဲ လူနဲ့ပြန်ပြီး တူလာရတာပေါ့” ဟု ကျွန်တော်က အောင်ကျော်အား ထောက်ခံမိပါသည်။ ထိုအခါ အောင်ကျော်က ကျွန်တော့်ကို မသင်္ကာသော မျက်နှာထားနှင့် ကြည့်၍
“အေး၊ ငါ့ကို ရပ်ရွာလူကြီးတွေက ပထမတော့ ဒီလိုပြောတာဘဲကွ။ နောက်တော့ ခွေးမသား အောင်ကျော်ဟာ ကိုယ်မွေးစားနှမကို ကိုယ်ဖျက်ပြီး တသက်လုံး မွေးထားတဲ့ကြက် တမနက်ထဲနဲ့ သတ်စားတယ်လို့ ပြောကြတယ်။ ပြောရုံ မကဘူးဟေ့၊ မင်္ဂလာ ဆောင်ပြီးတဲ့နောက် ခဲ ခုနစ်ရက် ဆက်ကျတယ်။ ဒါကြောင့် ငါမနေနိုင်လို့ ဟိုဘက်ရွာကို ရွှေ့နေရတယ်။ အဲဟိုမှာ တလ ကိုးသတင်းနေလို့ အသားလည်းကျရော ကျေးအုံလဲ စုန်းပူးသလိုလို နတ်ပူးသလိုလို ဖြစ်လာတာဘဲ။ အရင် ရောဂါငုတ်ကလေးက ပြန်ပေါ်တယ် ထင်ပါရဲ့ကွယ်။ ဒါကြောင့် မင်းတို့ဆီကိုလာပြီး ကုလား ဆရာဝန်နဲ့ ကုမလို့ ကြံစည်မိတယ်”
အောင်ကျော်သည် ကျွန်တော်နှင့် ကျွန်တော့်မိန်းမအား ယင်းသို့ ရှင်းပြလိုက်သောအခါ၊ အထူးသဖြင့် ကျွန်တော့်မိန်းမက အောင်ကျော်၏ စေတနာကို ရိုသေသောအားဖြင့် အနူးအညွတ် ခွင့်လွှတ်ကာ သူတို့လင်မယား နှစ်ဦးကို အိမ်ဦးခန်း၌တင်၍ ပြုစုပါသည်။
အောင်ကျော်လည်း ကျွန်တော့်အိမ်၌ တလ ကိုးသတင်း နေထိုင်ပြီးလျှင် အိမ်ခွဲ၍ နေပါသည်။
ယခုအခါ ကျေးအုံသည်လည်း စင်၍ လာပါပြီ။ ကျွန်တော် အကဲခပ် ကြည့်သည်။ ကျေးအုံမှာ ယခင်ကနှင့် များစွာ မတူတော့ပါ။ ငယ်ရွယ်စဉ် အမိုက်ဘဝက မှားခဲ့သမျှကို ပြန်၍ နောင်တတရား ရနေဟန် ရှိပါသည်။
သူတို့၏ စီးပွါးရေးမှာလည်း မခေလှပါ။ ယခု သူတို့လင်မယား နှစ်ဦး ကုန်စုံဆိုင်ကလေး ဖွင့်ထားနိုင်ပါပြီ။
စင်စစ် သူတို့ဆိုင်သည် ကျွန်တော်တို့ရွာထဲတွင် အရောင်းရဆုံး ဖြစ်သည်။ အထူးသဖြင့် လူပျိုကာလသားများ ဝိုင်းအုံဝယ်ခြမ်းရာ ဒေသဖြစ်သည်။
ကျေးအုံ၏ စပယ်ကြည့် ကြည့်ခြင်းသည် ရပ်ရွာရှိ ကာလသားတို့ကို ဆွဲငင်၍ ထားပါသည်။ ထို့ကြောင့် သူ့ဆိုင် ရောင်းကောင်းပါသည်။
ယခု တနှစ် နှစ်နှစ် အတွင်းမှာပင် သူတို့လင်မယားသည် ကိုယ်ပိုင်မြေယာ၊ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ဆိုင်ခန်းနှင့် ဖြစ်နေပါပြီ။ ထို့ကြောင့် ကျွန်တော်၏ သူငယ်ချင်း မောင်အောင်ကျော်သည် အသက်သုံးဆယ် ကျော်ခါမှ မိန်းမရသည့်ကံက ထူးလှပါပေသည်ဟု ဆိုလိုက်ချင်ပါသည်။ သူတို့နှစ်ဦးမှာ ငယ်စဉ်ကပင်လျှင် မောင်နှမ အရင်းအချာကဲ့သို့ နေလာကြရ၍ တယောက်အကြောင်း တယောက် အစင်းသိ ဖြစ်ပြီးလျှင် တဦး၏ အနွံအတာကို တဦးခံ၍ သင့်မြတ်စွာ နေထိုင်နိုင်ကြ ပေလိမ့်မည်။ ထို့ကြောင့်လည်း အောင်ကျော်မှာ စိတ်အေးချမ်းသည့် ရုပ်ကို ဆောင်ရသည် မဟုတ်ပါလော။
ကျွန်တော်တို့ နှစ်ဦးသည် ယခုအခါ အသက်လေးဆယ်နား နီးလာကြပြီ။ မိမိတို့အလုပ်နှင့် မိမိတို့ တဦးနှင့်တဦး များစွာ ဆုံတွေ့ခဲလှသည်။ ထို့ကြောင့် အောင်ကျော်နှင့် တနေ့သ၌ တွေ့သောအခါ အောင်ကျော်သည် အနည်းငယ်ပိန်၍ မျက်တွင်းဟောက် နေသည်ကို ကျွန်တော် ဂရုပြုမိပါသည်။
“ဟေ့ အောင်ကျော်ရ၊ မင်းက စီးပွါးဖြစ်ချင်လွန်းတဲ့ ဇောနဲ့ လောဘ သိပ်မကြီးနဲ့ သူငယ်ချင်းရဲ့။ ဝီရိယ လွန်အားကြီးတော့ ကျန်းမာရေး ထိခိုက်လိမ့်မယ်” ဟု ကျွန်တော်က အောင်ကျော်အား သတိပေးမိပါသည်။
ထိုအခါ အောင်ကျော်က ကျွန်တော့်ကို ပြန်ပြောသည်။
“ဟေ့၊ ငါ့မှာ စီးပွါးရေးလောဘ သိပ်မရှိဘူးဆိုတာ မင်း အသိဆုံးပါကွ။ ငါ ငဖောင်ရိုးလို ဖြစ်နေတာကို မင်းက အကြောင်းရင်း မရိပ်မိဘူးလားဟ။ ဟေ့၊ ငါ့မှာ သောကတွေ ဗလပွနဲ့ နေ့စဉ်နှင့်အမျှ ငရဲကြီးနေရသကွယ့်”
ကျွန်တော်သည် ခေါင်းနားပန်း ကြီးသွားသည်။
“ဟဲ့ သူငယ်ချင်းရ၊ ဘယ်လို သောကတွေ ပွေနေတာတုံး”
“မင်းနှယ်ကွာ၊ ကျေးအုံရဲ့ဆိုင်မှာ လူပျိုတွေ လက်ပန်ပင် ဆက်ရက်ကျသလို ကျနေပါလျက်ကနဲ့ ကျေးအုံအကြောင်း အစင်းသိဖြစ်တဲ့ ငါဟာ သင်းကို စိတ်ချလက်ချ လွှတ်ထားနိုင်ပမလားကွယ့်။ ဟေ့ မင်း မသိဘူးနော်။ ဒီအပူလောက် ပူတဲ့အပူဟာ ဘယ်အပူမှ မရှိဘူးလဟ။ ဟေ့ ငတိုးရဲ့ မိန်းမနဲ့ ပတ်သက်လို့ ငါက ကြားထဲကဝင်ပြီး သဘောကြီးကြီး ထားလို့မို့ မှန်အိမ် ကိုင်ပြနိုင်ပေမယ့်၊ အောင်ကျော့်မိန်းမနဲ့ ပတ်သက်လာတဲ့ အခါကျတော့ ဒင့်မေကလွှား နဲနဲလေးမှ အောင်ကျော်က စိတ်မချနိုင်ဘူးဟေ့။ ဒါ့ကြောင့် ငါဟာ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲနေတယ်။ စိတ်ဆင်းရဲတဲ့ ဘဝဟာ ငရဲကျတဲ့ ဘဝပါပဲ”
စင်စစ် ကျေးအုံသည် ယခုအခါ အရင်ကလောက် မဆိုးတော့ပါ။ အောင်ကျော်၏ စေတနာကြောင့် အဖတ်ဆယ်၍ ရနေပါပြီ။ သို့သော် ကျေးအုံ၏ စရိုက်ကို အစင်းသိဖြစ်သော အောင်ကျော်သည် စေတနာ၏ အကျိုးဆက်ကြောင့် ငရဲသို့ လားနေသည်ကိုလည်း မယုံကြည်စရာမရှိဟု မပြောနိုင်ပါ။ ယခု ကျွန်တော် ဤအကြောင်းကို ပြောပြနေဆဲ ခဏ၌ပင်လျှင် ကျေးအုံသည် အောင်ကျော်ကို ရှေ့ထား၍ ရန်ကုန်မှ ပြန်လာသော တက္ကသိုလ် ကျောင်းသားလေး တဦးကို ပြီတီတီ လုပ်နေပါသည်။
----------------------------
(ရှုမဝ၊ နိုဝင်ဘာ၊ ၁၉၅၃။)
(မောင်ထင်၏ ဝတ္ထုတိုများ (ပုဂံစာအုပ်တိုက်၊ ၁၊ ဩဂုတ်၊ ၁၉၆၈))
(စာမျက်နှာ ၁၈၇-၂၂၄)
Crd_OpenRead
Share by U Ko Ko Htwe

Comments
Post a Comment
စာပေမြတ်နိုးသူတိုင်း နှစ်သက်ရာစာပေများကို ဝင်ရောက်ဖတ်ရှုနိုင်ကြစေဖို့ ဖန်တီးထားတဲ့ ဘလော့ဂ်လေးပါခင်ဗျ