"ဘုန်းကြီး အတု"

•••••••••••••••••••
တနေ့သ၌ ပုသိမ်မှ ကြံခင်းသို့ ခုတ်မောင်း ပြေးဆွဲ လာသော အမြန်ရထားပေါ်၌ သက် တော် ၂၂-နှစ် ခန့်ရှိသော ဦးပဉ္စင်းလေးတပါး စီးနင်းလိုက်ပါ လာလေ၏။ ထိုဦးပဉ္စင်းလေးသည် ရေကြည် ဘူတာမှ တက်၍ မြန်အောင်ဘူတာအထိ ကြွမည်ဖြစ်ပြီး ရထားလက်မှတ် ၀ယ်မရခဲ့သောကြောင့် အထက်တန်း တွဲ တတွဲပေါ်သို့တက်၍ တွဲစောင့်ကို ပိုက်ဆံပေးကာ ရထားအိမ်သာဘေး အတက်အဆင်း တံခါးပေါက် တခု၏ အနီးတွင် တပါးတည်း လိုက်ပါလာခဲ့ခြင်း ဖြစ်၏။ တခါတရံ၌ သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆို လျက် ရှိတတ် သော်လည်း တခါတရံ၌မူ အပြင်မှ ရှုခင်းများကို ငေးမောရင်း လိုက်ပါလေ့ရှိ၏။
အမြန်ရထားသည် တချို့ဘူတာများတွင် ခဏတဖြုတ်မျှ ကြာအောင် ရပ်နားတတ်သော်လည်း ဘူတာငယ်များတွင်ကား အရှိန်သတ်ရုံမျှသတ်၍ ဆက်လက် ခုတ်မောင်းလေ၏။ အတက်အဆင်းခရီးသည်များက အများအားဖြင့် ဦးပဉ္စင်းလေး ထိုင်နေသော ရထားပြတင်းပေါက်မှ မဆင်းကြဘဲ အခြားတံခါးများမှသာ အတက်အဆင်း လုပ်ကြသဖြင့် ဦးပဉ္စင်းလေးမှာ ခရီးတလျှောက်လုံး ထိုင်ရာမထ လိုက်ပါနိုင်လေ၏။ သို့နှင့် ဘူတာငယ်တခု သို့ ရောက်သောအခါ အသက်လေးဆယ်ကျော် အရွယ်ခန့် အမျိုးသား နှစ်ဦးသည် ဦးပဉ္စင်းလေး သီတင်းသုံးလျက် ရှိသော ရထား တံခါးပေါက်မှ ဖြတ်သန်းလျက် အရှိန်လျှော့ရုံသာ လျှော့ပေးထားသော ရထားပေါ်မှ ကျင်လည်စွာ ခုန်ဆင်းသွားကြလေ၏။
ဦးပဉ္စင်းလေးသည် ဆင်းသွားသည့် ခရီးသည် နှစ်ဦး၏ ကျောပြင်ကို ငေးနေမိရာမှ ရထားအရှိန်ပြန်ယူစ အချိန် သို့ ရောက်သောအခါ မျက်လွှာကို ပြန်ချ၍ မိမိ၏ရှေ့ တတောင့်ထွာ အတွင်းသို့ စိုက်ကြည့်မိလေ၏။ ထိုအခါ မြင်လိုက်ရသည့် မြင်ကွင်း ကြောင့် ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားလေ၏။ ဦးပဉ္စင်းလေး မြင်တွေ့လိုက်ရသည်ကား ပိုက်ဆံအတန်ကြီးများ အပြည့်ပါသည့် အမျိုးသားကိုင် ပိုက်ဆံအိတ်တအိတ် ဖြစ်လေ၏။
ဦးပဉ္စင်းလေးသည် ပိုက်ဆံအိတ်ကို ကောက်ကိုင် လိုက်ပြီး မတ်တတ်ထရပ်ကာ မကြာသေးမီကမှ ဆင်းသွားကြသည့် ခရီးသည်နှစ်ဦးကို အလျင်အမြန် ရှာဖွေကြည့်လိုက်လေ၏။ တွေ့ပါ၏။ သို့သော်လည်း ရထား၏ အရှိန်နှင့် ခရီးသည်နှစ်ဦး၏ ဆန့်ကျင်ဘက် သွားနှုန်းတို့ကြောင့် အတော်အတန် အလှမ်းဝေးသွားပါလေပြီ။
ရထားခုတ် မောင်းသံတို့ဖြင့် ရောနှောလျက် ခေါ်မကြား အော်မကြား အကွာအဝေးမျိုးသို့ ရောက်ရှိသွားခြင်း ဖြစ်ပါ၏။ ထို့ကြောင့် ရုတ်တရက် ဆုံးဖြတ်ချက်ကို အလျင်အမြန်ချကာ ဦးပဉ္စင်းလေးသည် အရှိန်ရစ ပြုနေပြီဖြစ်သော ရထားပေါ်မှ စွေ့ခနဲ ခုန်ဆင်းလိုက် လေ၏။ သွားနေသည့်ယာဉ်ပေါ်မှ ဆင်းပုံဆင်းနည်း အထာကို နားမလည် မကျွမ်းကျင်သောကြောင့် မြေပြင်ပေါ်သို့ ကောင်းမွန်စွာ မရောက်ရှိဘဲ တလိမ့်ခေါက် ကွေးဖြင့် လွင့်စင်ကျသွားလေ၏။ ရထားပေါ်ရှိ ခရီးသည်များထံမှ "ဟာ၊ ဟင်၊ အို၊ အမလေး"အစရှိသည့် အာမေဍိတ် အသံများနှင့်အတူ "ဒီကိုယ်တော် ပျံလွန်တော်မူချင်ပြီ ထင်တယ်" ဟူသော ကရုဏာဒေါသသံကိုပါ ပီပီသသ ကြားလိုက်ရလေ၏။ ရှက်စိတ်ရော ကြောက်စိတ်ပါ ရောနှောကာ ပူထူ ဖိန်းရှိန်းသွားလေ၏။ အတန်ကြာမှ ပြန်ထလာနိုင်လေ တော့၏။ ခန္ဓာကိုယ် တခုလုံးလည်း ဖုန်အလိမ်းလိမ်း ဒဏ်ရာ ဗရဗွနှင့်ပင်။
ဦးပဉ္စင်းလေးသည် ရထားပေါ်မှ ခရီးသည်များ၏ ပြောသံဆိုသံများနှင့် မိမိ၏ဒဏ်ရာများကို ဂရုမစိုက်နိုင်အားသေးဘဲ ပိုက်ဆံအိတ်ကို ပြန်ကောက်ကာ ပိုင်ရှင် ဒကာ နှစ်ယောက်၏ နောက်သို့ အပြေးတပိုင်း လိုက်ရပြန်လေ၏။ ဒကာတော်များကို မီသောအခါ ဦးပဉ္စင်းလေးသည် လွန်စွာ မောဟိုက်လျက် ရှိနေပြီး ပိုက်ဆံအိတ်ပိုင်ရှင် ဒကာများမှာ ဆိုက္ကားတစီးပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်လေ၏။ ဆိုက္ကားသည် ထွက်ခွါစ ပြုနေပြီဖြစ်သောကြောင့် ဦးပဉ္စင်းလေးက မမီလိုက်မည်ကို စိုးရိမ်စွာဖြင့် မောဟိုက်လွန်းနေ သည့်ကြားမှပင် -
"ဒကာကြီး ဒီမှာ ခင်ဗျားတို့ ပိုက်ဆံအိတ်၊ ခင်ဗျားတို့ ပိုက်ဆံအိတ်" ဟုအော်ကာ ယူလာသည့်အိတ်ကို မြှောက်ပြရလေ၏။
ထိုအခါတွင်မှ ခရီးသည်ဒကာသည် မိမိ၏ခါးကို ပြန်စမ်း ကာ ကမန်းကတန်းဖြင့် ဆိုက္ကားဆရာကို ရပ်ခိုင်းလေ တော့၏။ ဆိုက္ကားအရှိန်ရပ်သွားသည့် အချိန်တွင် ဦးပဉ္စင်းလေးသည် ၎င်းတို့၏အနားသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး ပိုက်ဆံအိတ်ကို ကမ်းပေးလိုက်လေ၏။ ပိုင်ရှင်ဒကာလည်း ၀မ်းသာအားရဖြင့် ပိုက်ဆံအိတ်ကို လှမ်းယူကာ ဆိုက္ကားဆရာအား "ရပြီ နင်းတော့"ဟု အမိန့်ပေးလိုက်လေ၏။ ဦးပဉ္စင်းလေးမှာ "မိမိ၏ ပခုံးပေါ် သို့ ကျရောက်လာခဲ့သော တာ၀န်တခုကို ပြီးဆုံး အောင် ဆောင်ရွက်နိုင်ခဲ့လေပြီ" ဟူသော အတွေးဖြင့် နင်းထွက်သွားသော ဆိုက္ကားကို မျက်စိတဆုံး ငေးကြည့် ကျန်ရစ်ရင်း ၀မ်းသာအားရ သက်ပြင်း ချနိုင်လေတော့၏။
ထိုအခါတွင် ခန္ဓာကိုယ်မှ တဆစ်ဆစ် နာကျင်လာသလို ခံစားရသဖြင့် ပြန်ငုံ့ကြည့်မိရာ ပွန်းပဲ့သွားသော ဒဏ်ရာ များမှ သွေးများ စို့ထွက်လာသည်ကို မြင်လိုက် ရလေ၏။ နေရာအနှံ့အပြားရှိ သွေးများကို သင်္ကန်းဖြင့် သုတ်ကာ လာရာလမ်းဘက်သို့ တလှမ်းချင်း ပြန်လှည့်၍ လာခဲ့လေတော့၏။ ပြန်လှည့်လာရင်းမှ စဉ်းစားမိသည် မှာ ဘယ်ကို ဦးတည်ရမည်ဆိုသော ကိစ္စဖြစ်၏။ ရထားမှာ ယခုလောက်ဆို နောက်ထပ်ဘူတာတစ်ခုသို့ ပင် ဆိုက်ရောက်နေလောက်ပေပြီ။ အချိန်သည် ညနေစောင်းလှပြီ ဖြစ်လေ၏။ ညအိပ်တည်းခိုနိုင်ရန် နေရာ တနေရာ အမြန်ဆုံး ရှာဖွေမှဖြစ်ပေတော့မည်။
ဦးပဉ္စင်းလေးသည် တည်းခိုခန်းရှိ/မရှိ စုံစမ်း ကြည့်ရာ တိုက်နယ်ရွာသာ ဖြစ်သောကြောင့် တည်းခိုခန်း မရှိကြောင်း သိရလေ၏။ ထို့ကြောင့် နီးစပ်ရာ ဘုန်းကြီးကျောင်း ရှိရာ အရပ်ကို မေး၍ သွားရလေ၏။ ကျောင်းသို့ ရောက်သောအခါ သစ်သားကျောင်းအိုကြီး တဆောင်၏ အပေါ်၌ ဆရာတော်ဆိုသည့် ဘုန်းကြီး ကို တွေ့ရလေ၏။ ဘုန်းကြီးကို ၀တ်ပြုနေစဉ်တွင်ပင် -
"ဆို ကိုယ်တော်၊ ဘာကိစ္စ" ဟူသော အသံကို ကြားရလေ၏။
"တပည့်တော် တညလောက် ဒီကျောင်းမှာ တည်းခွင့်ရချင်လို့ပါဘုရား"
"ငါ ဒီည ဒီမှာ ရှိမှာမဟုတ်ဘူးကွ၊ တခြားရွာ တရွာမှာ ပဋ္ဌာန်းပွဲရှိလို့ ကြွစရာရှိတယ်၊ ကျောင်းက သော့ခတ် ပြီး ပိတ်ခဲ့ရမှာ၊ အဲတော့ မင်းအတွက် အဆင်ပြေမှာ မဟုတ်ဘူး"ဟု ဆရာတော်က တိုတိုပြတ်ပြတ် မိန့်တော်မူလေ၏။ ဦးပဉ္စင်းလေးအနေဖြင့် ဘာမျှ ဆက်လက် လျှောက်ထားချိန်မရခင်မှာပင် ဆရာတော်က-
"မင်းတကယ်လို့ ညအိပ်ဖို့ အခက်အခဲရှိတယ် ဆိုရင်တော့ ဟိုဘက်ရွာက ဘုန်းကြီးကျောင်းကို သွားလျှောက် ကြည့်ပေါ့၊ သူတို့ကျောင်းက သံဃာလည်း များတော့ ဘာပဲဖြစ်ဖြစ် မင်းအတွက် အဆင်ပြေမှာပါ"ဟု မိန့်၍ ထိုင်ရာမှ ထတော်မူလေ၏။
ဦးပဉ္စင်းလေးသည် ခရီးဆောင် ဘေးလွယ်အိတ် ကလေးထဲမှ သာသနာ၀င်ကတ်နှင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ကျောင်းသားစိစစ်ရေး ကတ်ပြားလေး ကို ထုတ်ပြကာ အကျိုးအကြောင်း အကုန်အစင် လျှောက်ထား၍ အကူအညီတောင်းမည် ဟု ကြံစည်လိုက်သေးသော်လည်း ဆရာတော်က "ရေချိုးလိုက်ဦးမယ်" ဟုဆိုကာ ထွက်ခွာသွားသဖြင့် အထမမြောက်တော့ချေ။ ဘုရားကို ဦးချ၍သာ ထပြန်လာ ခဲ့ရလေတော့၏။ မောပမ်းသည့်ဒဏ်နှင့် နာကျင်သည့် ဒဏ်များကြောင့် ခြေကုန်လက်ပမ်း ကျသလို ဖြစ်နေပြီး အခြားနေရာများသို့လည်း ဆက်လက် မသွားလိုတော့ပေ။ ထို့ကြောင့် ဘူတာရုံရှိရာ သို့သာ ပြန်လာခဲ့လေတော့၏။
ဘူတာရုံသို့ အရောက်တွင် နေလုံးသည် အနောက်အရပ် သို့ တိုးဝှေ့ပျောက်ကွယ်စ ပြုနေပေပြီ။ ဦးပဉ္စင်းလေး သည် ဘူတာရုံ အတွင်းမှ ခုံတန်းလျား လေးတခုကို မှီ၍ ထိုင်လိုက်လေ၏။ ဒဏ်ရာဒဏ်ချက်များက သွေးအေး လာသောအခါ ပို၍ နာကျင် လာလေ၏။ သင်္ကန်းကို ခြုံကာ အနွေးဓာတ်ရအောင် ကြံဆောင်ရ၏။ မိုးချုပ်သည်နှင့် ဘူတာရုံသေးသေးလေးအတွင်း လူသူလေးပါး ကင်းရှင်း သွားတော့၏။ ဝါကျင့်ကျင့် မီးသီးလေးတလုံးနှင့် ဦးပဉ္စင်းလေးတပါးသာ ကျန်ခဲ့လေ၏။
ဦးပဉ္စင်းလေးသည် ထိုင်ခုံလေးကိုမှီရင်း အိပ်ပျော်ခြင်း သို့ ရောက်အောင် ၀င်သက်ထွက်သက်ကို ကြိုးစား၍ မှတ်နေလေ၏။ ထိုအချိန်တွင် ခြေသံတရှပ်ရှပ်နှင့် အတူပါလာသော အရက်နံ့ တထောင်းထောင်းက နှာခေါင်းထဲသို့ တိုး၀င်လာလေ၏။ အရက်သမားက ဦးပဉ္စင်းလေး၏ ဘေးနားသို့ ရောက်သော် ကိုယ့်လမ်း ကိုယ်မသွားဘဲ-
"ထွီ ! ဘုန်းကြီးအတုတွေ။ ဓာတ်တိုင်သေးပန်း၊ကြံဖတ် ချေးကုန်း၊ပလက်ဖောင်းခေါင်းအုံးတဲ့ ဘုန်းကြီး အတုတွေ၊ အလကား ဘုန်းကြီးအတုတွေ၊ ထွီ!"…
ဟု အထပ်ထပ်ရွတ်ဆိုလျက် အသားလွတ် စော်ကား၍ သွားလေ၏။ ဦးပဉ္စင်းလေးသည် သင်္ကန်းခြုံကို အသာ ဖွင့်ကြည့်လိုက် သောအခါ နံရိုးအပြိုင်းပြိုင်းထနေသော ခေါင်းကြီးကိုယ်သေး ရှူနာ ရှိုက်ကုန်း အရက်မူးသမား တယောက် ဒယီးဒယိုင်ဖြင့် လျှောက်လှမ်း သွားသည် ကို တွေ့ရလေ၏။ ပါးစပ်ကလည်း အထက်ပါ ဝါကျ (စကား)ကို ထပ်ကာထပ်ကာ ရွတ်ဆိုရင်း သွားနေခြင်း ဖြစ်လေ၏။ ဦးပဉ္စင်းလေး၏ စိတ်ထဲ၌ ထိုအရက်သမား အား ပြေးကန်လိုက်ချင်သည့် စိတ်ကို မနည်းမျိုသိပ် ထားရလေ၏။ အရက်သမား တဖြည်းဖြည်းနှင့် ဝေးသွားတော့မှ ဒေါသစိတ်က ပြေလေတော့၏။
ဦးပဉ္စင်းလေးသည် မူလထိုင်နေသော ခုံတန်းလျားမှ ထ၍ ဝါကျင့်ကျင့် မီးလုံးလေး၏ အောက်တည့်တည့်ရှိ ခုံအဝိုင်းလေးသို့ ပြောင်းရွှေ့ကာလဲလျောင်း လိုက်လေ၏။ ဟိုတွေးသည်တွေး တွေးရင်း ခေတ္တမျှ ကြာသောအခါ မျက်စိ မှေးလာလေ၏။ မှေးလာရာမှ တဖြည်းဖြည်း ငိုက်မျဉ်းလာကာ အိပ်ပျော်သွားလေ တော့၏။ မည်မျှကြာအောင် အိပ်ပျော်သွားလေသည် မသိ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့်အချိန်တွင် "ကလင် ကလင် ကလင်ကလင်" ဟူသည့် စူးစူးဝါးဝါး မြည်သံကို ကြားရမှ လန့်နိုးလာလေတော့၏။ အိပ်ချင်မူးတူးဖြင့် မျက်စိကို ပွတ်သပ်ကြည့်လိုက်သော အခါ အရပ်ရှည်ရှည် လူတယောက်သည် စက်ဘီးကို ခွလျက် အနေအထားဖြင့် ဘဲလ်ကို အဆက်မပြတ် တီးနေသည်ကို မြင်လိုက်ရလေ၏။ ဦးပဉ္စင်းလေးသည် အကြီးအကျယ် ဒေါသ ထွက်သွားပြီ ဖြစ်လေ၏။ လဲလျောင်းနေရာမှ ထထိုင် လိုက်လေ၏။ ထိုအချိန်တွင် စက်ဘီးပေါ်မှလူက-
"ကိုယ်တော် ဘယ်ကျောင်းကလဲ။ ဘာကိစ္စ ဒီမှာ လာ အိပ်နေရတာလဲ။ သတင်းပို့တဲ့လူရှိလို့ လာစစ်တာ"…
ဟု အထက်စီးလေသံဖြင့် ခပ်ဟောက်ဟောက် မေးလေ၏။ ဦးပဉ္စင်းလေးသည် ဖြစ်ပေါ်လာသော သူ၏ ဒေါသကို ထိန်းချုပ်ရန် လုံး၀မကြိုးစားတော့ဘဲ ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး-…
"ဟေ့ ဒီမှာ ဒကာ! ခင်ဗျားက ကျုပ်ကို လာစစ်တယ် ဆိုရအောင် ခင်ဗျားက ဘာရာထူးလဲ။ ဘာတာ၀န်လဲ။ ကျုပ်ဒီမှာနေတာ မှောင်ရိပ်ခိုပြီး မဟုတ်တာ လုပ်နေတာ မဟုတ်ဘူးဗျ။ မီးရောင်အောက် တည့်တည့်မှာ အိပ်နေတာ။ ခင်ဗျားစစ်တယ်ဆိုတိုင်း ကျုပ်က ဖြေရ မှာလား။ သွား ကျုပ်ကို ဖမ်းချင်ရင် အနည်းဆုံး ရပ်ကျေးသံဃနာယက အဖွဲ့၀င် ဆရာတော်တပါး ပင့်လာခဲ့။ သွားဗျာ ခုချက်ချင်း ကျုပ်ရှေ့က ထွက်သွား။ မနက် မိုးမလင်းမချင်း ကျုပ် ဒီနေရာကနေ တဖဝါးမှ မခွါဘူး။ အချိန်မရွေး ပြန်လာ ဖမ်းလှည့်"…
ဟု ဒေါသတကြီး ကြုံးဝါးပြောဆိုလိုက်လေ၏။
ဦးပဉ္စင်းလေး၏ လေသံနှင့် ဟန်ပန်အမူအရာသည် ခြင်္သေ့ပျို တကောင်ကဲ့သို့ပင် မာန်ပါလေ၏။ လာစစ်ပါသည်ဆိုသော ဒကာသည်ပင် အနည်းငယ် တွန့်သွားပုံရ၏။ ထို့နောက်-
"အလကား ဘုန်းကြီးအတုတွေ တွေ့မယ်"…
ဟု ကြိမ်းမောင်းလျက် စက်ဘီးကို တဟုန်တိုး နင်းကာ ထွက်သွားလေ၏။ ဦးပဉ္စင်းလေးသည် ထိုခုံ၌ပင် ပြန်လည် လဲလျောင်း လျက် ကျိန်းစက်လိုက်လေ၏။ သို့ရာတွင် ရုတ်တရက် အိပ်၍ မပျော်နိုင်သေးဘဲ-
"ဘုန်းကြီးအတုဆိုတဲ့ ဝေါဟာရကို စတင် တီထွင်ပြီး ပြည်သူကြားထဲ ရောက်အောင် ပို့ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများ ကျန်းမာချမ်းသာ ကြစမ်း ပါစေဗျာ" ……
ဟူသော မေတ္တာအတုကို အထပ်ထပ် ပို့လွှတ်ရင်း ဟိုလူ ပြန်အလာကို စောင့်နေလိုက်လေတော့သတည်း။
ထိုဦးပဉ္စင်းလေးသည် ထိုစဉ်က ရန်ကုန်၊ သာသနာ့ တက္ကသိုလ်၊ ဓမ္မာစရိယတန်း(B.A ဒုတိယနှစ်)တွင် ပညာ သင်ယူလျက်ရှိသော ဦးဣန္ဒောဘာသ ဟူ၍ ဖြစ်၏။ ။
[နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) နှစ်-၃၀ ပြည့် ပုလဲရတုမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်]
Crd to Original Uploader
ပုံမှာ အခြားပုံများတင်ရန် မသင့်တော်သဖြင့် ယ္ခင်နှစ်များ ဆီက ကျွန်ုပ် ဦးပဇ္ဇင်းဝတ်စဉ်ကပုံအား အစားထိုး၍ ဖော်ပြပါသည်။

Comments

Popular posts from this blog